ပျော် ရွှင် ဖွယ် ခ ရီး ကြမ်း




ရောမမြို့ မီးလျှံတွေကြားထဲက
နီရိုးဘုရင်ကြီးရဲ့ တယောသံကို
ငါ ... ခိုးယူလိုက်တယ် ။

အဲဒီနောက်မှာ ...
လရောင်အကွေ့အကောက်တွေဆီကိုလည်း
ငါ ... မရောက် ရောက်အောင်သွားဖြစ်ခဲ့တယ် ။

နေ၀ါရီတွေနဲ့ ပြည့်နက်နေတဲ့ ချိုင့်ဝှမ်းကလေးပါပဲ
တစ်ယောက် တစ်နေရာစီ ၊ ဝေး သွားတဲ့အခါ
တယောသံတွေ လဲ့ပြာနေရော့မယ်
ဆိုနေကျသီချင်းပေမယ့် အဖော်မရှိရင် ပျင်းတယ် 
စီးကရက်ကို မီးသတ်ဖို့ မေ့နေတတ်တယ်
သတိရတဲ့အခါ 
အပွတ်အသပ်ခံထားရတဲ့ ကြောင်တစ်ကောင်လို
ငါ ငြိမ်နေလိုက်မယ် ။

မိုးအေးတယ် ဟန်နီ 
ရေဒီယိုဖွင့်ပြီး ခေတ်ဟောင်းတေးတွေ နားထောင်ရမလား
ပြတင်းတံခါးကို ချစ်သူအမှတ်နဲ့ ခေါင်းမှီထားရမလား
ဘလက်ခ်ကော်ဖီတစ်ခွက်ပဲ ဖျော်သောက်ရမလား 
ငါမသိဘူး ...
ရာဇ၀တ်သားတစ်ယောက်လို လောကကိုချောင်းကြည့်နေရ
ပါဝါအတက်အကျနဲ့ ရှုမျှော်ခင်း ၀ါ စိမ်း နီ ပြာ များ
ဆည်းဆာမှာ အားလုံး ပြီးဆုံးသွားပါပြီ ။

လွမ်းတဲ့အခါ
မျက်နှာကို ဖဲတစ်ချပ်လို မှောက်ထားလိုက်မယ်
အဲဒီအတွက် ငါဟာကျည်ထည့်မထားတဲ့ သေနတ်တစ်လက်သာဖြစ်ရဲ့
လွမ်းတဲ့အခါ
ရူးနေအောင်အညှို့ခံထားရသော ကြယ်ပြာ ၊ ငါပါ ။

ဓားသွားအောက်မှာ ငါးပါးမက မှောက်ခဲ့ရတယ်
ငါ့ကို ဘယ်မှာမင်းဝှက်ထားခဲ့သလဲ ... ဟင်
စံပယ်တွေတစ်ပင်ချင်း ရှာဖွေ မွှေနှောက်ပြီး
ကြောက်စရာကောင်းတဲ့ရနံ့တွေကို ငါ့ဝင်သက်ထဲ
ထိုးသွင်းလိုက်တယ်
ငါ့ကို ... ဇက်ကြိုးပြန်ဖြုတ်ပေးပါ

လောကရဲ့ဆူညံသံဆိုလည်း
ငါ့နှလုံးခုန်သံတွေကို ငါပိတ်ထားပေးမှာပါပဲ
အိပ်တော့လို့
ချော့သိပ်စရာမကောင်းတဲ့ ရင်ခုန်သံလေး
ငရဲကို ပို့ပေးလိုက်ပြီ 
Happy Journey ...
ငါသွားရဦးမယ် အဲဒီဆောက်တည်ရာမဲ့လမ်းတွေဆီ ။

K သူ