အနောက်တောင် ...
ခြောက်ရောင် မာန်ဟုန်ပြင်းပါပေါ့
အမောက်ထောင် အဗ္ဗုန်တလင်းမှာဖြင့်
လျှံစုံဝင်းကာ အဖန်ဖန်လူးလေတဲ့
ဝသန်ဦးကို ရောက်လေတိုင်းမှာတော့
မြေကသိုဏ်းတခွင်က မှောင်ရီပြာ
သြော် ...
ဖြေတိုင်းဘဝင်မှ ရောင်ခြည်မဖြာ ။
ဆောင်ကတ္တီပါ ...
မောင် ရည်ကာ သခင်ကိုမှန်းကာပဲ
ဘဝင်ငြိုနွမ်းအောင် တိမ်းသွေသူကြီးရယ်က
မကြင်လိုအလွမ်းနှောင် စိမ်းမပြေအယူသီးပါပေါ့
ခရီးတွေ ဘယ်လိုပင်ကွာလှမ်းခဲ့ပေမယ့်
ကျွမ်းတဲ့သူ သောကလှိုင်းတွေနဲ့
လောကအရိုင်းမှာ ပျော်စံတင့်စေရယ်လို့
အဖော်မာန်ဝင့်ကာပဲ တိမ်းသွေခွာ
အချစ်ရယ် ....
ကျွန်တော်မကြံသင့်ပါလဲ သူစိမ်းတွေပါ ။
သြော် ....
ထိန်းဖြေကာ မျက်ရည်မသုတ်နိုင်နဲ့
အစိမ်းကြွေမှာ ရတက်ဝေအဟုတ်ပေမို့
နာမ် ရုပ် ယွင်းကာ အထီးကျန်ဘဝမှာတဲ့
ပြန် ဆုတ် , မငြင်းသာ အကျည်းတန်ရပြီပဲ
မီးလျှံတမျှ တစ်ကိုယ်တော်အလွမ်းတွေနဲ့
အပျိုဖော်လှမ်းတဲ့ တပြည်တရွာအရပ်ဆီသို့
မျက်ရည်စို့ အမျှော်စိုက်တေးဆိုရင်း
မက်မပြေသမို့ ကျွန်တော်အမိုက်တွေးငိုရင်း
အဖော်မကိုဋ်ကလေး ပျော်စေကြောင်းကိုပဲ
ဆုခြွေတောင်း စိန္တေအပါးမှာဖြင့်
ညွှတ်တွားကာ မလွတ်သေးလေတဲ့
ဝဋ်ကြွေးတွေလည်း ပန်းကပ်ကာ
လွမ်းဇာတ်ကမ္ဘာ လွန်စေကြောင်း
ဘဝဆက်တိုင်း ....
တခန်းရပ်ပါ အကျွန်ခြွေတောင်း ။
စိုးစိတ်ပို ....
မိုးရိပ်ညို ခုနှယ်မှိုင်းရင်တော့
သမုနယ်ရိုင်း ရှာပုံတော်ဖွင့်ချင်ရဲ့
သခင့်ခြေရာ ထပ်တူလိုက်ရှာလို့
သြော် .... အပူရှိုက်ချင်တဲ့
လူမိုက်ပမာမို့ တစ်နေ့မတွေ့သော်လဲ
အယူပိုက်ပါလို့ မမေ့သ၍မျှော်ဆဲပေပေါ့
အဖော်ကွဲသူ ကညာအမုန်းကိုတဲ့
ကမ္ဘာဆုံးအောင် အစဉ်မျှော်ကိုးလို့
ကျွန်တော်မျိုး သခင်အပျောက်ဖွေရင်း
ရင်တစ်လျှောက်ကြွေဆင်းလာတဲ့ သောကနှင့်
လောကတစ်ခွင့် အလွမ်းရာဇဝင်ထဲမှာဖြင့်
အလှမ်းကွာသခင်ပဲ ရင်ခွင်တော်ဖွင့်ကာပေါ့
ပွင့်ချိန် ပွင့် ၊ ဝေချိန် ဝေ
နေချိန် နေ ၊ ဖူးချိန် ဖူး
သခင်ခူးချင် ကျွန်တော်အသင့်ပါပဲ
မျှော်လင့်ကာ လွမ်းလျက်နေကြောင်းမှာ
( သံသရာအပင်ဟောင်းဆီက .... )
ကမ်းလက်တွေ မပြောင်းခင်ပဲ
နွမ်းသက် ကြွေညောင်း ။ ။
__________________❀ _____________________
မင်းခသူ