၁ ။
စနေသား နတ်ဘုရားကြီးက
ကောင်းကင်တစ်ခုကို ဖန်ဆင်းပြီး
သူချစ်သော ငါတို့ဆီ အမွေပေးခဲ့တယ် ။
၂ ။
အင်္ဂါသမီး နတ်ဖုရားမကြီးကလည်း
မဟာပထဝီမြေကြီးကို ဖန်ဆင်းပြီး
သူချစ်သော ငါတို့ဆီ အမွေပေးခဲ့တယ် ။
၃ ။
အဲဒီအခါမှာ ...
ကောင်းကင်နဲ့ မဟာပထဝီပေါင်းပြီး
ကမ္ဘာမြေကြီး ဖြစ်လာတယ် ။
၎ ။
လူသားဆန်တဲ့ သမိုင်းကြောင်းဟာ
အဲဒီမှာ စတင်တယ်လို့လည်း
ငါတို့အရေပြားမှာ အရိုးနဲ့ထိုးခဲ့ပါတယ် ။
၅ ။
ဗုဒ္ဓ နဲ့ ဗိုလ်ချုပ် အလွန်မှာ
နွံနစ်နေသော ငါတို့ရဲ့ ကမ္ဘာဟာ
အမှောင်အမိုက်တွေ တစ်ခေတ်ပြီး တစ်ခေတ်
ကြာခဲ့ရာ
ခုတော့ ၊
သူမကို ပွေ့ပိုက်ပိုင်ဆိုင်လိုက်ရပြီ ။
၆ ။
အခု ...
ငါတို့ဟာ ရေနည်းငါးတွေမဟုတ်တော့ဘူး
ငါတို့ဟာ အမိမဲ့သားတွေမဟုတ်တော့ဘူး
အခု ....
ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းကို ပိုင်ဆိုင်လိုက်သလိုမျိုး
ငါတို့မှာ အိမ်ခေါင်မိုးတစ်ခုနဲ့
ငါတို့မှာ မိခင်ရင်းတစ်ဦးနဲ့
ငါတို့မှာ ကိုယ်ပိုင်သီချင်း ၊ ကိုယ်ပိုင်အလင်းနဲ့
ဖြစ်ခဲ့ပြီ .... ။
၇ ။
ကမ္ဘာရဲ့ နာမအမည်
အောင် ဆန်း စု ကြည်
အန်တီ
အန်တီ စု
အမေ
အမေ စု
အဘယ်လိုပဲ အကြောင်းပြုပြုပေါ့
အောင် ဆန်း စု ကြည် ဟာ
အောင် ဆန်း စု ကြည် ပဲ
၈ ။
ငါတို့ရဲ့ ထမင်းဆီဆမ်း ၊ ရွှေလင်ပန်းကြီး
ငါတို့ရဲ့ မိုးမြေသိမ့်တုန် ၊ နှလုံးခုန်သံကြီး
ငါတို့ရဲ့ အနန္တဂိုဏ်းဝင်ကြီးလည်းဖြစ်တယ် ။
၉ ။
" ကျွန်မ ပြည်သူအားလုံးကို ချစ်ပါတယ် "
ချစ်တတ်မှာပေါ့ ၊ ချစ်တတ်တဲ့ မျိုးစေ့တွေက
ချစ်တတ်တဲ့ဗီဇတွေကိုင်ပြီး ပွင့်လာခဲ့တာ ။
သံမဏိ နှင်းဆီဆိုပြီး
ဖယောင်းဆန်အောင် ဗြောင်းဆန်အောင်လှခဲ့တာ ။
ဘယ်လိုရွှံ့နဲ့ လူးလူး
ပတ္တမြားရဲ့အလင်းဟာ ဘာနဲ့မှမတူဘူး ။
မေတ္တာမိုးတိမ်ရယ်ပါ ...
တစ်တောလုံးလည်း ရွာတယ်
တစ်တောင်လုံးလည်း ရွာတယ်
အသားအရောင် ခွဲခြားမှု မရှိ
သူမအတွက် ...
အဆင့်အတန်း ကွဲပြားမှု မရှိ
ကမ္ဘာ့အဖြောင့်တန်းဆုံး ရေပြင်ညီမျဉ်းဖြစ်ခဲ့ ။
၁၀ ။
ငါတို့
အရာအားလုံးဆုံးရှုံးခဲ့ရပြီး
ကမ္ဘာ့အရှားပါးဆုံး သယံဇာတကြီးတစ်ခုကိုပိုင်ဆိုင်ခဲ့
အရာအားလုံးအပေါ် အတ္တကင်းသူမို့
ငါတို့အားလုံး သူမအပေါ်မှာ အတ္တကြီးကြရတယ်
" ရှင်တို့မပါဘဲ
ကျွန်မ နိဗ္ဗာန်တောင်မသွားဘူးဆိုတာ ယုံ " တဲ့ ။
ငါတို့အားလုံး သူမအပေါ်မှာ အတ္တကြီးကြရမယ် ။
၁၁ ။
သူမ ခြေထောက်တွေမှာ
ငါတို့အိပ်မက်များအတွက်
မိုင်ထောင်ချီ ခရီးစဉ်တွေရှိတယ် ။
ငါတို့ ရင်ဘတ်တွေမှာ
သူမ ခရီးစဉ်များဝယ် ပန်ဖို့
လီလီပန်းဖြူဖြူတို့ ရှိတယ် ။
၁၂ ။
သူမနဲ့အတူ ငါတို့ဟာ
ယုံကြည်ချက်အိမ်ကလေးမှာ ဆုံဖို့
အစုန်ခရီးလေးတစ်ခုကို သွားနေကြ
ငါတို့နဲ့အတူ သူမဟာ
လောကဓံကိုဆန်လို့
အဆန်ခရီးလေးတစ်ခုကို သွားနေရ
၁၃ ။
ဘာပဲဖြစ်ဖြစ်ပေါ့ ...
ပန်းပန်ထားသော သူမဦးခေါင်းမှာ
ငါတို့ဆန္ဒတွေကို ဦးထိပ်ပန်ဆင်ထားကြောင်း
ငါတို့ ကောင်းကောင်းယုံကြည်ပါရဲ့ ။
မေမေရေ ...
မေမေ့ ကန္တရကို စိမ်းလန်းစေမယ့်
ခရီးကြမ်းတွေဟာ
မေမေ့ခြေဖဝါးများက ကတ္တီပါဖိနပ်ကလေးဆို
သိပ်ကောင်းမှာ
၁၄ ။
မေမေဟာ
ထီးကလေးအမြဲဆောင်းထားသလို
ငါတို့ ငိုသံ ၊ ရယ်သံ ၊ သောက သံ ၊
သီချင်းသံ ၊
သေနတ်သံ ၊ ချိုးကူသံ
နေသံ လ,သံတွေကို
အမြဲဆောင်းထားမှာ သေချာရဲ့ ။
၁၅ ။
စောင့်ခဲ့ကြရပေါ့
သန်းခေါင်ယံညများစွာ ၊ လများစွာ
နှစ်များစွာ ၊ သက္ကရာဇ်အညစ်အထေးများစွာထဲ
မနက်ဖြန်များစွာ ၊ ကိစ္စများစွာကို လျှော်ဖို့
သူမအမည်ကိုခေါ်လို့
စောင့်ခဲ့ကြရပေါ့ ....
အလင်းတွေတစ်ပွင့်ပြီး တစ်ပွင့်တိုင်အောင်
သူမ ယူဆောင်လာမှာမို့ စောင့်ခဲ့ကြရပေါ့ ။
၁၆ ။
မေမေ လို့
ငါတို့ဟာ သူထားခဲ့ရသောသားတွေကိုယ်စား
နှလုံးသားနဲ့ ခေါ်ပါမယ် ။
အလင်းရောင်အတွက်
မီးကို လက်ဖဝါးထဲထည့်ပြီး
ထွန်းညှိပေးသူ့မို့ ၊ ငါတို့ သိပ်ချစ်တယ် ။
(ငါတို့ရဲ့ နောက်ဆုံးအလင်းပြာလည်းဖြစ်တယ်)
ကြွေမှ ခရေမှန်းသိကြမယ့် သူတွေအတွက်လည်း
ငါတို့ ဝမ်းနည်းမိပါရဲ့ ။
၁၇ ။
အို ... လောကဦးဆောက်ပန်း ငဲ့
၇၁ နှစ်လား ၊ ၁၇ နှစ်လေလား ...
နှလုံးသားမှာ ချစ်ခြင်းတရားနဲ့
အရွယ်တင်နေဆဲသော ကမ္ဘာ ။
မင်းခသူ
24.June.2016
(သံမဏနှင်းဆီ ဒေါ်အောင်ဆန်းစုကြည် သို့ )