(၁)
က - ကလေးငယ်ချစ်စဖွယ်မလေး
ခ - ခရေကုံးလေးပစ်ချပြီး ပြေးသွားခဲ့တာ
အတော်ကြာပြီ … ။
အဲဒီနေ့ကစပြီး
အသည်းငယ်တဲ့ ခရေပင်ကြီး
မပွင့်တော့ဘူး ။
(၂)
A B C D
ဒဏ္ဍာရီနေ့ရက်များတစ်လျှောက်လုံး
ပန်းကောက်သူကလည်း ပန်းကောက်ရင်းပြုံးလို့
လမ်းပျောက်သူမှာလည်း လမ်းပျောက်ပြီးရှုံးလို့
သတိရတိုင်းရောက်သွားတဲ့အခါ
ကျောင်းတော်ရာ မြေနီလမ်းမှာလည်း
လေနီကြမ်းတွေတိုက်လို့ပေါ့ ။
(၃)
၁ ၂ ၃ ၎
အမုန်းဆွေးရတယ်
ဘယ်သူမှမသိအောင်
ဟောဒီကောင်ကလည်း လွမ်းခဲ့ရတာကိုး
မြတ်နိုးစွာ ၊ နင့်နာမည်ကလေးကိုမြတ်နိုးစွာ
ငါ့လက်မောင်းမှာ ဘောပင်ကလေးနဲ့ခြစ်နေဆဲ
ဘယ်သူမှမသိအောင်
ကျောင်းမှာတုန်းကလို ။
(၄)
အဲဒီလိုနဲ့ပဲ
တိတ်တခိုး တိတ်တဆိတ်
အိပ်မက်များစွာ ၊ အရင်ကလိုပါပဲ
တစ်ယောက်တည်း ဆည်းဆာ
ကျောင်းဆင်းချိန်များ
အကြောင်းမရှိ အကြောင်းရှာ
ထမင်းချိုင့် ကူဆွဲပေးချင်ခဲ့ဖူးသူ
ငါ့မှာ
နေကြာပန်းများလို ပြန်လည်ဖူးငုံခဲ့ရ ။
(၅)
ငါ …
ဘယ်ဘဝက ဝဋ်ကြွေးပါမှန်းမသိတဲ့
သနပ်ခါးနံ့တွေရှိုက်မိနေတယ်
ငယ်ဘဝက သံလွင်ဆီနံ့လေးများရယ်
ငါ့ကိုချည်ထုံး ၊ ငါမရုန်းဘူးကွယ့် ။
ငါ့ထုံးကို ငါနှလုံးမူပြီး
နင့်ကိုလွမ်းတဲ့စိတ်မှာ လည်စင်းပေးနေကျပါ
....
ညက အိပ်သွားပေမယ့်
ငါမအိပ်နိုင်တော့တဲ့ ညများမှာ ။
(၆)
“ သံသယတော အလယ်
မောတယ်…အချစ်ရယ် ” လို့ ဆိုတိုင်း
တက္ကသိုလ်မှာဝေတဲ့နှင်းများသည်သာ
ထပ်ကာ ထပ်ကာ ကြော့သွားပြီလေ ။
ငါကတော့ ထုံးစံများအတိုင်း
ဘယ်သူမှမခိုင်းလည်း လွမ်းနေဦးမယ်ကွယ် ။
(၇)
သိမ်ငယ်စိတ်နဲ့ဝေတဲ့
မျက်ရည်ပွင့်များ ၊ တစ်ဘဝလုံး
အကျအဆုံးများတယ် ။
အချစ်နဲ့ စစ်မှာ
မတရားတာမရှိဘူးဆိုရင်
ကံကြမ္မာတရားဆီက
နင့်ကို လုယူထားလိုက်ချင်တယ်
ပြန်လည်ဆုံတွေ့ဖြစ်ကြရင်
နင်
လည်ပြန်ပြေးထွက်မသွားနဲ့နော် ။
(၈)
မျှော်လင့်ချက်ဝေဝါး
ကျောင်းတော်ကိုသွားတဲ့ စိတ်
ယုံကြည်ရိပ်မှာ ငါစောင့်စားတုန်းပါပဲ ။
ငါ့ကို ယုံ
ငရဲတွေ တစ်ဘုံပြီးတစ်ဘုံကြာပြီးသည့်တိုင်အောင်
ငါ့ရင်ခုန်သံ ၊ နင့်အမည်နဲ့ထပ်တူမှန်ကန်နေဦးမယ်။
(၉)
ဘာရယ်မဟုတ်
လွယ်အိတ်ထဲမှာ ငါ့ကဗျာတွေထည့်ရင်း
ငါသွားလေရာရာ နင့်ကိုဖန်ဆင်းမယ် ။
လက်ညှိုးစေရာ ရေမဖြစ်နိုင်ပေမယ့်
သက်ဆိုးရှည်ရာ နွေလာဖြစ်နေတာ
ဘာ့ကြောင့်ပါလဲ …။
ကန္တာရလူငယ်တစ်ဦး
သစ္စာရှိရှိ မိုက်တွင်းနက်နေဖူးတယ်။
(၁၀)
ဆုပ်လည်း စူး
စားလည်း ရူး
ဆိုတာ …
ပဒိုင်းသီးမှာမှ
မဟုတ်ပါဘူးကွယ် ။
ကျောင်းတုန်းက
နင့်ခေါင်းပေါ်ကပြုတ်ကျတဲ့
နှင်းဆီပွင့်ကလေးကို
စာအုပ်ကြားညှပ်ထားဆဲသော ငါ
ခုထိ သွက်သွက်ခါအောင်ရူးလို့ ။
(၁၁)
ငယ်စဉ်တောင်ကျေး
စကားကလေးနှစ်လုံး
သတ္တိမဲ့စွာ ဖုံးကွယ်ထားတဲ့လူ
အ သူ ရာ ဘုံ သား ....
နှင်းဆီပွင့်တိုင်း ရူးစေသားကွယ် ။
ရုတ်ရုတ်သဲသဲ ...
ရင်ထဲ ကြယ်တွေအပြိုင်းအရိုင်း
ထင်ရာစိုင်း ကြွေကျ
မီးအိမ်တွေအကုန်ကွဲသွားတဲ့ည
ငါ့မှာ ... ။
(၁၂)
လူငယ်ကျောင်းသား
မျက်လုံးများဟာ ...
Black Board ပေါ်မှာမရှိ
အကြည့်များ ၊ သူ့အားစိုက်နစ်
ငါချစ်တာ
နင်
သိလားဟင် ... ။
အတိတ်ကျောင်းခန်း
စိတ်ဟောင်းကျွမ်းစရာ
ဆိုပေမယ့်
အဲဒီတုန်းက နင်ဟာ
ပထ၀ီသင်ခန်းစရာမှာမပါသော
ငါ့ရဲ့စကြာဝဠာ ... ။
(၁၃)
လက်ဖျံများပေါ်မှာရော
မနက်ဖြန်များပေါ်မှာရော
စကြာဝဠာရဲ့ အမည်နာမဟာ
မီးစုန်းတွေလို
တလက်လက်တောက်ပနေဦးမှာပါပဲ
ငါ့ရဲ့ ငယ်စဉ်တောင်ကျေးမလေးရယ် ။
နင့်ကိုအမှတ်ရရင်း
ကန္တာရမြေတလင်းမှာ
ငါ ကဗျာဆရာလုပ်ခဲ့တယ် ။
ပခုံးပေါ်လွယ်ထားတဲ့ လွယ်အိတ်ထဲ
နင့်အကြောင်းတွေ လွယ်ပိုးထိုးသိပ်
ငါ့မှာ စစ်သူကြီးတစ်ဦးလိုစိတ်ကြီးတွေဝင်လို့ ။
(၁၄)
စာညံ့သောကျောင်းသားက
အချစ်ရေးအချစ်ရာမှာပါ ညံ့ဖျင်းသွားတာ
ဆန်းပြားပါသလား ။
ပေါင်း နှုတ် မြှောက် စား
ကံကြမ္မာတရားရဲ့စေစားမှုအောက်
ငါကပဲ အရာအားလုံးပျောက်ဆုံးသွားတာလား
အရာအားလုံးဆီမှာပဲ ငါပျောက်ဆုံးနေတာလား
ငယ်ကျွမ်းရိပ်လေးေ၀၀ါး
အလွမ်းဘုံကိုပိုင်စိုးသော နတ်ဘုရားသာ ။
(၁၅)
စုန်းခုနှစ်မျိုးထဲမှာမှ
ဘယ်ကြိုးမှမပိုင်တဲ့ စုန်းမျိုး
နင် ငါ့ကို
ခုထိ စိုးပိုင်ပြုစားတုန်း ။
အိပ်မက်နဲ့ အနေမနီးသူရဲ့
ဆုတောင်းစကားများလည်း
လမ်းမှား မျက်စိလည်သွားပြီလား
ဘုရားသခင်ဆီ မရောက် ။
(၁၆)
သနပ်ခါးနံ့တွေ ရဆဲ
စာအုပ်ကြား နှင်းဆီဖတ်တွေညှပ်ထားဆဲ
တောင်သမန်မှာ ဗေဒါတွေပြာလွင်ဆဲ
ငါကျိန်ဆိုတယ် ...
နင့်အပေါ်ထားတဲ့ ငါ့မေတ္တာများ
သင်္ခါရတရားမှ ထမြောက်တယ် ။
အဲဒီလိုနဲ့
နင့်ရဲ့ အရောင် အနံ့ အရသာ
အရာရာစွန်းထင်ပေကျံနေတဲ့ကောင်
လူလယ်ခေါင်မှာ ...
ကိုယ့်ရင်ဘတ်ပေါ်ကို မတ်တပ်ရပ်ရဲခဲ့ပြီ ။
(၁၇)
တေလေညများ ၊ လွှသွားထက်မြ
ငါရှိုက်ခဲ့သောလရောင်တွေ
ကင်းပလို့
ဆောင်းလေပြည်အေးထဲ
တစ်ကိုယ်တည်း ဆိုညီးခဲ့သောသီချင်းတွေ
နင်ကြားသည့်တိုင် ၊ လွင့်ဝေကြပါစေတော့
ဝတ်မှုန်တွေအန်ချနေတဲ့
သနပ်ခါးပွင့်များတို့ရယ် ...
ဘယ်တွင်ရှောင်ပြေး ၊ ငါ့ရဲ့
ငယ်စဉ်တောင်ကျေးမလေးကို
ငါမြတ်နိုးကြောင်းပြောပေးပါ ။
(၁၈)
ငါက မိုးတွေကိုသွားရောက်တိုးသက်ပြီး
ငါ့မျက်ရည်စီးကြောင်းတွေ သိုဝှက်ခဲ့သူ ။
နှင်းဆီးပွင့်တွေ စိုက်ကြည့်
သတိရကြောင်းပြောမိသူ ။
ကောင်းကင်ကို ပြဒါးသုတ်လို့
ချစ်သူ ဘယ်မှာရှိကြောင်းသိလိုသူ ။
အဲဒီလိုနဲ့
အုံ့ပုန်းရဲ့ ပခုံးပေါ်မှာ
တယောတစ်လက်တင်လို့
နင့်ကိုမမေ့တတ်အောင် သင်ကြားခဲ့တယ် ။
(၁၉)
တောင်သမန်မှာ နှင်းတွေဝေတဲ့အခါ
တံတားပေါ်မှာ နင့်ခြေရာတွေတကြော့ပြန်ထင်ကြရော့မယ်
အထိမ်းအမှတ်တစ်ခုအနေနဲ့ ချည်ထုံးခဲ့တဲ့
ငယ်ဘ၀က လွယ်အိတ်ကြိုးထုံးကလေး
ခုထိမဖြည်ရက်သေးဘူး။
ဆည်းဆာထဲ စင်ရော်တို့အိပ်တန်းပြန်ကြပေါ့
အထီးကျန်လမ်းပေါ်ပြုတ်ကျတဲ့ ပင့်သက်များ
နင့်ဆီ လွင့်ထွက်မသွားပါစေနဲ့ ...
နင့်နာမည်လေး ရွတ်ဖတ်သရဇ္ဈာယ်
" ချစ်တယ် " လို့ ကျူးရင့်နေဦးမယ်ကွယ် ။
(၂၀)
ဘ၀မှာကြားခဲ့ရသော
ကျောင်းတက် ကျောင်းဆင်းခေါင်းလောင်းသံများ
ဘ၀မှာကြားဆဲသော
ကျောင်းတက် ကျောင်းဆင်းခေါင်းလောင်းသံများ
ဘ၀မှာကြားလတ္တံ့သော
ကျောင်းတက် ကျောင်းဆင်းခေါင်းလောင်းသံများ
နှလုံးအိမ်မှာ သိမ်းဆည်းထားမယ် ... ။
နင်
ပြန်လာဦးမလားဟင်
ခေါင်းလောင်းသံတလွင်လွင်မှာ
အတိတ်ကကျောင်းသွားဖော်ရဲ့
နှင်းဆီရင်ခွင်ဟာ ...
တစ တစ ၊ တစ်စပြင်ဆန်လို့ကွယ် ။