အလွမ်းယှက်သွယ် ၊ ပန်းခက်နွယ်ကြိုး
သက်လယ် ၀ိုးဝါး ၊ တိမ်စိုင်ဖျားမှာ ....
မြင်မှား ခင်ပဲ ထင်ပါတယ် ။
လ,ပျောက် ကြယ်ကင်း ၊ ညအခင်းထက်
ကျဆင်း မျက်ရည် ၊ သုတ်မနေဘူး ...
ကြွေသည်း အလှူ ယူပါကွယ် ။
သောက ကောင်းကင် ၊ လျှပ်နွယ်မျှင်တန်း
နှင်တဲ့ လမ်းမှာ ၊ တိမ်လွှာ ကွေ့ကောက်
မမေ့ပျောက်အောင် လွမ်းနေမယ် ။
သခင် သခင် ၊ မြင်တော်မူစမ်း...
အလွမ်းနန်းမြို့ ၊ လမ်းကြမ်းတို့ထက်
ပျို့အက်ကြွေကျ ၊ လူ့အန္ဓကို
မာန်ချ ငြိုးပြေ ၊ ခွင့်လွှတ်လေနော်
နေပျော်မဖြစ် ၊ ကြွေလျော်ရစ်စမ်း
မချစ်ခန်းမှာ ၊ ခင့် ကျိန်စာများ
ညှာသနားရင် ရုတ်သိမ်းပါ ... ။
ဪ ...
အိပ်ရာ စက်ရာ ၊ အိပ်မက်မှာလည်း
ခက်တာပဲ ခင် ၊ တွေ့နိုး မြင်နိုး ....
အရုဏ်စိုးတောင် ၊ ကိုယ်ရောင်မပြ
သူယောင်မရယ် ၊ အတွေးတွယ်ငြိ
ဆွေးတယ် သိလား ၊ စကားတိုးတိတ်
အငြိုးရိပ်မှာ ၊ ခင့် ရုပ်လွှာတမ်း
ကဗျာ နွမ်းနှင့် ၊ ပန်းမပွင့်ဘူး ...
ရင့်ရူးလွမ်းဇာတ် ရှည်ရော့မယ် ။
မင်းခသူ