ပစ္စက္ခ လရောင်တန်းများ




သည်ယုန်မြင်လို့ သည်ချုံထွင်တာ
ပုံပြင်ပါ မီးရယ် ... ။


ကံကိုယုံပြီး
မီးကို ရင်ထဲထည့်မွှေးခဲ့ဖူးတယ် ။

ခုတော့ တစ်ကမ္ဘာစီနဲ့ တစ်နာရီစာ
ဝေးကွာခဲ့ကြ ၊ ဝေး ကွာ လိုက် ကြ ။

အလွမ်းမရှိ အလွမ်းရှာလို့
မိုးတိမ်တွေကို မိုးရေတက်ချိုးပေးသူ
မလွမ်းကောင်း လွမ်းကောင်းနဲ့
လမ်းဟောင်းတွေ ပြန်သွားခဲ့သူ
ရင်ထဲ မီးတောက်တန်းလန်းနဲ့ပဲ
မီးတောက်နေတဲ့ မီးတစ်ယောက်ကိုရှာခဲ့သူပေါ့ ။

ဒဏ်ရာဟောင်းလောင်းနဲ့ ဓာတ်ပြားဟောင်းလေး
သံသရာတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ကြာရသလို
အိပ်မက်တွေ ရွှဲရွှဲစိုလို့
မင်းအရိပ်တွေ ရိပ်ကနဲ ရိပ်ကနဲ 
စိတ်ထဲ ဖြတ် ဖြတ် ပြေးသွားပုံလေး
ငေးမိသေးရဲ့ ။

မီးနဲ့ဝေးတဲ့ ည
လရောင်အကွဲအရှများ
သိမ်းထား ဆည်းထားတယ် 
ဆည်းလည်းသံတွေထဲမှာ
သနပ်ခါးနံ့လေးတွေထဲမှာ
မီးပြန်လာရင် ... မီးအိမ်ထဲ ထည့်မွှေးဖို့ ။

K သူ