မမြဲသော သင်္ခါရတရားများနှင့် သွားနေသောလမ်းကလေးသည်
အတိတ်ဝယ် ကျွန်တော်နှင့်သူမ တသားတည်းကျခဲ့ဖူးသော ....
ရွက်ဝါကြွေလမ်းကလေးတည်း ။
မျက်စိတစ်ဆုံး ကျယ်ဝန်းခဲ့ရာ ၊ ခရမ်းပြာ ညနေကလေးတို့၏
နှုတ်ဆက်စကားသံတို့ကိုလည်း ကျွန်တော်ကြေကွဲမနေတော့ ။
အလွမ်းမရှိဟုထင်သော်ငြား ... အလွမ်းရှိသည်
မဆွေးမိဟု တင်းထားသော်ငြား ... ဆွေးမိပြန်သည်
ရထားကား တယောသံပမာ ... ဝဲကာ ဝဲကာ လွင့်ပြန်သွားခဲ့၏ ။
ရေနည်းငါးတို့၏ကမ္ဘာသည် ကျွန်တော့်ထက်ပင်
ပျော်ရွှင်စရာကောင်းလိမ့်မည်ဟု ယုံကြည်လိုက်ချင်သည် ။
မိမွေးတိုင်း ဖမွေးတိုင်း လှနေသော ပန်းကလေးတို့ကိုပင်
ကျွန်တော့်ကမ္ဘာနှင့်ယှဉ်၍ မနာလိုပစ်လိုက်ချင်သည် ... ။
အရာရာသည် သင်္ခါရတရားတို့နှင့် သစ်လွင်နေဆဲသော
ဆေးဆိုး ပန်းရိုက် ... အမှိုက်တစ်စပမာ ၊ ထည်ဝါမြဲပါပေ ... ။
မည်သို့ပင်ဖြစ်စေ ....
ရှေးသရောအခါက သီချင်းတစ်ပုဒ်နှယ် ချစ်သောသူမကိုပင်
သံယောဇဉ်နှင့် မေ့ပစ်လိုက်ချင်သည်ကား အမှန်ပင်ဖြစ်သည် ။
သစ်ရွက်ကြွေခြင်းကိုလည်း သစ်ရွက်ကြွေခြင်းပင်မို့
ကြယ်ကြွေခြင်းကိုလည်း ကြယ်ကြွေခြင်းပင်မို့
ကျွန်တော့်ဝယ် ဘယ်သောအခါမှမကပ်ညှိခဲ့သော
နာမ်က ...
သူမရှိရာ ... မိုက်ကနဲ မိုက်ကနဲ ... လဲကျခဲ့ချေပြီ ။
မည်သို့ပင်ဖြစ်စေ ....
ပန်းရောင်သမ်းနေသော အနမ်းတစ်ခုကိုတော့
ကျွန်တော်က လိပ်ပြာသန့်သန့်နှင့်ပင်
သိမ်းဆည်းထားလိုက်ချင်သည် ။
ဝေးကွာခဲ့ပြီးဖြစ်သော လရောင်းတန်းများကိုလည်း
ကျွန်တော်က ... ဘဝနှင့်ထပ်တူထပ်မျှ ဝမ်းနည်းနေရမည်ဖြစ်သည် ။
သူမနှင့် ပတ်သက်သမျှ ၊ အက္ခရာလှလှတို့ကိုလည်း
ကျွန်တော်က ... အန္တိမမေတ္တာတရားနှင့် ကဗျာစပ်ရဦးမည်ဖြစ်သည် ။
ဘယ်သောအခါမှ ပေါင်းမကူးခဲ့ဖူးသော
နိဒါန်းနှင့် နိဂုံးဝယ် .... အချစ်သည်
အဝါရောင်သမ်းနေသည့် ဓာတ်ပုံဟောင်းပမာ
ပစ္စုပ္ပန်စာမျက်နှာ၌ ... စွန်းထင်းကျန်ရစ်သည်ကား အမှန်ပင် ။
မင်းခသူ
May - 10 , 2016