အကြည့် နွေတမျှနဲ့ တစ်ယောက်ခွဲလို့
ပကတိဖြေမရတဲ့ နှောက်အသည်းမှာ
ငြိလေရမယ့် ဖောက်လွဲခြင်းတွေကိုပဲ
ပရိဒေဝအတွက် လျှောက်လဲမည် ။
ဘဒ္ဒကမ္ဘာ မသုဉ်းသရွေ့
တသက်ဘဝမှာ မမုန်းမေ့ပေဘူး
အပြုံးငွေ့ ထံ,တျာခြွေအနမ်းနဲ့
ဆုံးတမြေ့ သံသာလေကမ်းမှာ
လွမ်းစရာ ချစ်တီတာချွဲပြီးကာမှ
အသည်းပေါ် ခြေဆောင့်ရုန်းလေသလား
( ဟင် ... )
မောင့် ဧကရီ ။
နွေကန္တာ ရင်ဝယ်ပိုက်လို့
မခင်တွယ်ထိုက်မှန်း သိပေမယ့်
ဘဝင်နယ်တဝိုက် အလွမ်းရှိလေတဲ့
ကြမ်းသည့်အသည်း တစပြင်မှာ
ခဏမြင်ရာ သူ ... သူ ... သူဖြစ်လေတော့
အပူ ... အပူမြစ်တွေ မီးမျက်ရည်
မနီးရက်ရှည် ဖြေစရာမရှိ
စည်းချက်မညီ ဝေဒနာငြိ
အသည်းပတ်လည် ကြေပါ၏ ။
ဟိုယခင် တခက်တခိုင်တပွင့်အလှကို
ကိုယ်အရင် သက်ဆိုင်ခွင့်ရခဲ့ပေမယ့်
အငြိုငြင် အမျက်လှိုင်ဆင့်လို့
ပြတ်နိုင်၊ ဖြတ်နိုင်သူ အလိုကျပေါ့
ထိုခဏ မင်းအနားမနေ
အငိုတစ မင်းမကြားစေရဘူး
ထားရင်ပျော် ... စေရင်တိမ်းလို့
စိမ်းသမျှ ၊ စောဒကမတက်သာပဲ
မငြိမ်းသမျှ ၊ သောကဂယက်မှာ
တစ်သက် တစ်ကမ္ဘာ လက်ပစ်ကူးရင်း
အချစ်ရဲ့ဆူးခင်း ခရောင်းလမ်းပေါ်
အလွမ်းနဲ့ပျော် အဆွေးနဲ့နေပာမည်လို့
ဝေးတမြေမှာ မထောက်ထားပြန်တဲ့
တေးခြွေကာ တစ်ယောက်ကြားရန်
(မြတ်ဘုရား ဖဝါးတော်မြတ်အောက်မှာ )
လျှောက်ထားပါ၏ .... ။
မင်းခသူ