ချယ်ရီချောကလက်




မင်းကို ...
ချောကလက်တွေနဲ့ ချိန်ရွယ်ပစ်ခတ်လိုက်တယ် ။
မင်းဟာ ...
ချောကလက်ရောင်သမ်းနေတဲ့ ၊ ပန်းပဲ ။

အချိန်တွေအကြာကြီး လန်းဆန်းနေခဲ့
အချို့ရနံ့တွေကတောင် မင်းကိုငေးတယ်
အခြားမရှိ ၊ တယောသံတွေကို မင်းပိုင်တယ်
ချွင်းချက်မရှိ ၊ ရင်ခုန်သံတွေကိုလည်း မင်းရတယ်
အချစ်နဲ့ အချိန်တွေအကြာကြီး လန်းဆန်းနေခဲ့ ။

လွမ်းဆွေးနေတဲ့ မြေဇာမြက်တွေ မင်းချော့လို့
လောင်ကျွမ်းနေတဲ့ ညနေခင်းတွေကို မင်းသိပ်တယ်
မင်းမှာ တုန်လှုပ်နေတာ ၊ ခြောက်ခြားနေတာမျိုးမရှိ
ပကတိ တည်ငြိမ်တဲ့ကျက်သရေတော်ကို
ပွင့်ဖတ် ပွင့်ချပ်တွေပေါ် လွှင့်တင်ရင်း ၊ ပွင့်တယ် ။

ပွင့်တယ် ... ဆိုတာ
တစ်စုံတစ်ယောက်က ပြတင်းပေါက်ကို
ဆွဲဖွင့်လိုက်လို့ အကြောင်းအကျိုးနဲ့ပွင့်တာမျိုး ၊
ဆင်ခြင်တုံတရားမရှိ ၊ တက်မက်မှုတွေနဲ့
အဲဒီအန္ဓရဲ့ပယောဂကြောင့်
အရက်စက်ဆုံးနိုးထလာတဲ့ ပန်ဒိုရာအိုးပွင့်သလိုမျိုး ၊
မတော်တဆကြားလိုက်ရတဲ့အသံဟာ
ဂါထာ မန္တယားဖြစ်နေတဲ့အခိုက်အတန့်မှာ
ရတနာကျောက်ဂူကြီးပွင့်သွားစေတာမျိုး ၊
တစ်ခုမှ ... မဟုတ်ခဲ့ပါဘူး ။

မင်းဟာ ...
ဆောင်းရာသီဝတ်ရုံထဲမှာ
ကိုယ်ပိုင်အဘိဓမ္မာတရားတွေငုံရင်း
ကြယ်လိုလင်းပွင့်လာတဲ့ နတ်ဘုရားပွင့်ခြင်းမျိုးပါ ။

မင်းနာမည်နဲ့ ကျင်းပတဲ့ပွဲတော်တွေမှာ
မင်းအကြောင်းဟောကြားထားတဲ့ ဒေသနာတွေ
မင်းအကြောင်းဖွဲ့ဆိုထားတဲ့ မဟာလင်္ကာတွေ
မင်းအကြောင်းတီးခတ်ထားတဲ့ ဂီတတေးပိုဒ်တွေ
ငါတို့ရင်ဘတ်ကို ပဲ့တင်လောင်မြိုက်နေတယ် ။

ပြီးတော့ ငါတို့နှုတ်ခမ်းတွေပေါ်မှာ
မင်းဟာ နှင်းစက်ကလေးတွေနဲ့ ခိုစီးနေတတ်တယ်
အချစ်အကြောင်းတွေ ဖော်ကျူးဖို့
မင်းကို စိတ်နဲ့လှမ်းခူးရုံကလေးနဲ့တင်
ပြည့်စုံပါပေတယ် ။

အနမ်းတွေကို
ချိုမြိန်နိုင်စွမ်းသူကလေးရယ် 
ချောကလက်တွေနဲ့ ချိန်ရွယ်ပစ်ခတ်ခံခဲ့ရတယ် ။


K သူ