ချောကလက်ပေါ်မှာ အချစ်...လို့ရေးပြီး
ချစ်ခြင်းမေတ္တာတရားကို ထိုးကျွေးမယ် ။
ချောကလက်ဘူးထဲမှာ ရူးနေတဲ့အိမ်မက်တွေထည့်ပြီး
ဘယ်လောက်...လွမ်းဆွတ်ခဲ့ရကြောင်းတွေကိုလည်း
လက်ဆောင်ပေးချင်တယ် ။
ချောကလက်မကြိုက်ဘူးလို့ ငြင်းရင်တောင်
မင်းနောက်ကို တကောက်ကောက်လိုက်ပေးနေဦးမယ်
ချောကလက်မဟုတ်ဘူး ချောကလက်ရောင်ထနေတဲ့
ကိုယ့်ဘဝ ... ည စစ်စစ်တွေ ။
ချောကလက်ယောင်ဆောင်ထားတဲ့ ပန်းတွေ
ချောကလက်ယောင်ဆောင်ထားတဲ့ နေ့တွေ
ချောကလက်ယောင်ဆောင်ထားတဲ့ ကြယ်တွေ
ချောကလက်ယောင်ဆောင်ထားတဲ့ ဆေးတွေ
ချောကလက်ယောင်ဆောင်ထားတဲ့ လူတွေ
ချောကလက်ယောင်ဆောင်ထားတဲ့ နှုတ်ခမ်းတွေ
ချောကလက်ယောင်ဆောင်ထားတဲ့ ကဗျာတွေ
ချောကလက်ယောင်ဆောင်ထားတဲ့ အနမ်းတွေ
ချောကလက်ဘူးထဲမှာ ကိုယ်ထည့်မထားပါဘူး ။
ဒါဟာ ... ချောကလက်ရောင်တောက်နေတဲ့
စံပယ်တင်မှဲ့ကလေးအတွက် ရည်ရွယ်ထားတဲ့
ချောကလက်စစ်စစ်တွေပဲဖြစ်တယ် ။
ချို့တဲ့လေ့ရှိတဲ့ လူ့ဘဝရဲ့အချိန်တွေမှာ
ချောင်ကျကျပြတင်းပေါက်အကွယ်ကနေ
ချောကလက်ရောင်တိမ်တွေကို ငေးနေမယ်
ခြူကလေးတစ်လုံးကို ကြောင်ကလေးဆီဆွဲပေးလို့
ချောကလက်လို့ သူ့ကိုအမည်ပေးထားလိုက်မယ်
မင်းကို လွမ်းတဲ့အခါ ချောကလက်ကိုပွေ့ထားပြီး
ချောကလက်တခြမ်းတဖဲ့လောက် ကျွေးမယ်လေ ။
ကိုယ့်နှလုံးသားကို ကိုယ်ချင်းစာတဲ့အနေနဲ့
ချောကလက်ဘူးကလေးပေါ်မှာ
ဖဲကြိုးပြာလေး စည်းနှောင်ထားမှာမဟုတ်ဘူး
" ...... သို့ ၊ အချစ်နဲ့ ချောကလက် လက်ဆောင် " ဆိုပြီး
မင်းအိမ်လိပ်စာကိုလည်း ကပ်ထားမှာမဟုတ်ဘူး
ချိန်းဆိုမထားတဲ့အချိန်မှာ
ချောကလက်ဘူးလေး မင်းအိမ်ရှေ့မှာတွေ့ရင်
ချောကလက်ဘူးထဲက ငါ့အချစ်ကို မင်းမြင်ပါ
ချောကလက်စားတဲ့အခါ မချောမောတဲ့လမ်းပေါ်မှာ
ချောမွေ့တဲ့နေ့တွေပိုင်ဆိုင်ပါစေကြောင်း
မင်း ... ဆုတောင်းပေးပါ အချစ်ရယ် ။
မင်းကို ...
ချောကလက်တွေနဲ့ ချိန်ရွယ်ပစ်ခတ်လိုက်တယ် ။
K သူ