မုန်းစိမ်းမေ...
ရတက်ပွေ
မျက်ဖြေတေးကိုဆို
ဥသြပျိုလဲ မစွမ်းသာ...။
သိပ်ခက်နေ
အိပ်ပျက်ည တွေက
နှိပ်စက်ပေါ့ အခါခါ...။
ဦးခိုက်ခဲ့ပါသတဲ့
လှိုင်းကလေးနဲ့ဗေဒါ
မြစ်ဧရာရဲ့ ချစ်ပုံပြင်...။
ရူးမိုက်မိပါရဲ့
ဂရုမစိုက်တဲ့ သူ့ကိုမှ
ယုယကြင်နာ ခဲ့ချင်...။
စိမ်းတဲ့ အသင်
ယိမ်းနွဲ့ဟန်ပြင်၍
မပျော်မွေ့တော့ပါဘူး
ရင်လွှာက ဆူးရယ်က
အဆိပ်တက် ယစ်မူး....
မချစ်ဖူးပါပဲနဲ့
ချစ်ဦးသူတွေ့ကာမှ
စိမ်းလျက် သွေခွာသွား...
မုန်းသတဲ့လား မေ
သေဆုံးသွားရင်ကောင်းရဲ့
မနှောင်းသေးတဲ့ အတိတ်က
( အခုထိ...)
လတ်ဆပ်နေဆဲလေ....
ရမ္မက်စေရာသွားတဲ့ မေ
အခက်ကြုံတဲ့ တစ်နေ့မှာ
မေတ္တာကို နားလည်ခဲ့ရင်
( အို...အသင်)
ဝဋ်သော်မျှ မလည်စေချင်....
တစ်နေဝင် တစ်နေကွယ်
အလှည့်ဖယ်သူစိမ်းကား
သူ့ အမုန်းစကား ရယ်က
စိမ်းသမျှရဲ့ အစိမ်းတွေ....
တိမ်းလေဦးတော့ မေ
ကမ္ဘာမြေသုဉ်းပါစေတော့
အရှုံးသမားဘဝနဲ့ လူဟာ
မုန်းခံဘဝနဲ့ ကြင်နာနေမှာ....
အစဉ်သာ ရင်မှာစွဲ
မောင်တစ်ယောက်ပါပဲ- တဲ့
သူ့နွဲ့စကားတွေ ယုံမိခဲ့ရဲ့
လှည့်မကြည့်ပါနဲ့ မေ....
ခပ်သဲ့သဲ့ ခြေသံတစ်ချို့နဲ့
ခပ်ယဲ့ယဲ့ ရင်ခုန်သံ တစ်ချို့
ဒီ အမျှနဲ့ ပြတ်စဲကြပါစို့....။ ။
___________♕_________________
မင်းခသူ (ကဗျာ Diary)
3 . 6 . 2014 Tue