°°° ထွက်ပေါက် °°°
ကိုယ့်ကိုယ်ကို ကျွမ်းလောင်ရင်း
ဒီညခင်းကို သနားလာတယ်
ငါ့နာကျင်မှုကို မနိုင်ဝန်ထမ်း
သိပ်ပင်ပန်းနေပြီလား လမင်း ။
ကိုယ်ထင်တယ်.......
အဲဒီ နှင်းမှုန်တွေတစ်ဖက်ကမ်းမှာ
အယောင်ဆောင်မှုတွေ လှော်ခတ်ရင်း
မင်းလည်း ပျော်မွေ့နေမယ်ဆိုတာ ။
ကိုက်ခဲဖန်များလာတော့......
ဇကာကျလာတဲ့ နှလုံးသား
နာကျင်စွာ အလျော်စားလုပ်ကြတာပေါ့
နဂါးကိုမှ သွားဆော့မိတဲ့ ငါ......
ဟုတ်ကဲ့ ငါ့ကိုယ်ငါ ဆုတ်ဖြဲခဲ့
အတ္တဆန်ရမှာ သိပ်ကြောက်တယ်
မင်း အမိန့်စကား တစ်ခွန်းမှာ
ရုန်းကန်ခွင့် အားအင်သုဉ်းခဲ့ပါတယ် ။
လုံးဝ မလျော့ဘူး ချစ်သူ
ငါဟာ မုတ်သုံတစ်ကောင်ဖြစ်ခဲ့ရင်
မင်းဆံနွယ်မျှ တွေ့ထိသွားမှာမဟုတ်
ငါ့ကြောင့် ပန်းတွေ မကြွေစေချင်တာအမှန်ပါ ။
ထိုညကို မုန်းလိုက်ကြပါစို့
ညို့တက်လာတဲ့ တိမ်သားအောက်မှာ
မင်းလဲ ခြေရာဖျောက်ခဲ့ပါလေ....
ထပ်မနာကျင်ပါရစေနဲ့ကွယ်....။
ကကြီးနဲ့ ယပက်လက်မှာ
အမှားမှန်ဆိုတာ ပညတ်ချက်
အဖြေဟာ သိပ်ခက်သွားကြ
မင်းနဲ့ငါ မညီမျှဘူးလို့ယူဆမယ် ။
နှောင်ကြိုးတွေ အထပ်ထပ်နဲ့
မျှော်လင့်မိတဲ့ နိဗ္ဗာန် ဘုံဟာ
လှောင်အိမ်ဖြစ်သွားခဲ့မယ်ဆိုရင်
အဲဒီ အမျှင်ကို သတ်လိုက်ကြတာပေါ့ ချစ်သူ
နှစ်ဦးသဘောတူဖို့ တော့လိုမယ်.....။
==============♕==============
မင်းခသူ (ကဗျာ Diary)
1 . 6 . 2014 (Sunday)