လမ်းခွဲ

(၁)
အတိတ်ရင်ကွဲတွေထဲက
သူမ မျက်တောင်လေးအောက်
ခရီးတစ်ထောက် နားနေသူ....
အပျံသင်းစ ငှက်ကလေးတွေ....
သူမ မျက်ရည်တွေကြောင့်
စွတ်စိုကြေကွဲနေကြရပြီ...။


သူမရေ...
ဆည်းဆာရဲ့ ခဏတာလောက်
ဘဝကိုလှပစေခဲ့ပါဦးကွယ်...။
အဲဒီ ရွှေအိုရောင်ကောင်းကင်ကြီးထဲ
စိတ်လွတ် ကိုယ်လွတ်နဲ့
ပျံဝဲပစ်လိုက်ချင်လို့ပါ ။

ငွေမှုန် ငွေစတွေပါလို့
မျက်ရည်များကို တင်စား
ကံကြမ္မာတရားထံသို့...
ငါ၏ အသနားခံစာ
သူမကို ပျော်ရွှင်စေလှည့်ကွယ် ။

နွမ်းရော်ငိုက်မျဉ်းနေတဲ့
ကံ့ကော်ပင်ကြီးရဲ့ အရိပ်မှာ
တစ်ယောက်သောသူရယ်...
တစ်ခါတစ်လေများစွာရယ်...
ခပ်ငယ်ငယ် ပစ္စုပန်တစ်ခုရယ်...
အိပ်မောကျနေရှာလေရဲ့...။


သူမရေ...
သဘောကွဲလွဲမှုမပါတဲ့
လမ်းခွဲမှုတိုင်းဟာ
ခါးသီးစရာတွေ အတိ
ထိုအတွက်...
လောကဓံနဲ့ ငြိစွန်းခဲ့ကြတယ် ။

(၂)

လက်မတွဲဖူးပါပဲနဲ့လည်း
လမ်းခွဲရမှာကြောက်တဲ့ သူ
သူမရေ...
ထာဝရလူအဖြစ်နဲ့တော့
သစ္စာရှိခွင့် ပေးပါလေ...

အဲဒီ တွယ်တာမှုအတွက်
ပင်လယ်ရေတစ်စက်ရဲ့
အပြာရောင်ငြိမ်းချမ်းရေးတရား
ငါ့အား...
အလွမ်းအဆွေးနဲ့ ဝေးစေပါ...။

ညဦးတွေထဲက
သာဖူးတဲ့ လမင်းထံပါး
အကျဉ်းစံ နှလုံးသားမှ
ရေးထားတဲ့ ကဗျာတစ်ချို့
သတိတရ ပို့နေတတ်ချိန်...



အလွမ်းဆိုတာဟာလဲ
အိပ်တန်းပြန်ငှက်ကလေးလို
ရင်ထဲမှာ မှေးစက်တွယ်တာ
၁၂ ကြိုးသီတဲ့ မာယာတွေနဲ့
တစ်လွှာချင်းခြွေချနေလေရဲ့ ။

သူမရေ...
ကိုယ်ဟာ
ကမ္ဘာတစ်ခုစာလောက် ကွေးညွှတ်
အချစ်နတ်သမီး လက်တော်လေးမှာ
လက်ထပ်လက်စွပ်လေး ဖြစ်ချင်သူပေါ့
ထို့ကြောင့်...
စိတ်ကူးယဉ်မဆန်စွာ ဝေးခဲ့ကြလေ၏ ။

(၃)

နွေအလွန် မိုးစက်တွေနဲ့
စေတန်လေးညို့ချက်တွေအကြား
အပြေးအလွှားထွေးဆုပ်
ငါ့လက်ဖဝါးမှာ....
အိမ်မက်တို့ နိဂုံးချုပ်ခဲ့ပေါ့ ။

ဆာလောင်ရင် ဝမ်းနည်းတတ်တဲ့
ကလေးငယ်တစ်ယောက်ရဲ့ လိုအင်နဲ့
မင်းဆီက နွေးထွေးမှုတွေကိုလည်း
မွတ်သိပ်တမ်းတနေခဲ့ဖူးတယ် ။
ဟိုး...မှေးအိပ်သွားတဲ့ ကြယ်တွေအကြား
သူမရေ...တမင်ကျီစားခဲ့သလားကွယ် ။





ဒီအက်ကြောင်းတွေထဲမှာ
အေးစက်စွာ လဲလျောင်းရင်း
ဒွိဟပေါင်းများစွာ
ဓားချက်ပေါင်းများစွာ
ညတာ ရှည်လျားကွေ့ကောက်
ဆောက်တည်ရာမဲ့ အော်ညည်း
ဂန္ထဝင်သီချင်းကြီးလို လွမ်းတယ် ။

ချစ်တတ်ချင်းများစွာကိုလဲ
ကမ္ဘာတစ်ခုထဲမှာ ထုပ်ပိုး
အရင်က ရိုးသားတဲ့ ရယ်သံအတွက်
ခဏတာ သိမ်းဆည်းခွင့်ပြုပါ
ပြီးမှ...စိတ်လိုလက်ရပျံသန်းသွားပါ ။

စိတ်စေရာလေလား
ဧဒင်ထဲလမ်းမှားသွားတဲ့
ပန်းသီးတစ်လုံးရဲ့ ကြမ္မာ
ပြန်မလာသူအတွက်...
နောက်ဆုံး ဝင်သက်အထိ
ချိုမြိန်နေမိဦးမှာပါပဲ ။

(၄)

ချစ်သော ဖန်ဆင်းရှင်ရေ...
ခိုလှုံရာအတောင်တစ်ခြမ်းရဲ့
ငြိမ်းချမ်းခြင်း တစ်ဝက်လောက်
စွန့်ကျဲပေးသနားခဲ့ပါလေ...
လာမယ့် အဆွေးရာသီအတွက်
အသက်ဆက်လွမ်းမောချင်သေးလို့ပါ ။

 မင်းခသူ (ကဗျာ Diary)