ချစ်မြတ်သူအတွက် နှစ်ပတ်လည်စာတမ်းပါမေ...။ ဒီနေ့ဟာ... ချစ်သူအတွက် အေးမြ ၊ လင်းပတဲ့ ညလေးဖြစ်ပါစေ ။ သြော်... ချစ်သူအတွက် သင်းရနံ့ဖြာပါစေလေ...။
အခုဆိုရင် မောင်နဲ့ မေရဲ့ ချစ်သူသက်တမ်းက တစ်နှစ်တိတိရှိပြီမေ ။ သံယောဇဉ်ကြိုးလေးတွေ ၊ အလွမ်းသစ္စာတရားတွေနဲ့ တည်ဆောက်ထားတဲ့ မောင်တို့မေတ္တာမြေဟာ ဘဝအဆက်ဆက်သာယာ ရပါလိုကြောင်း မောင်ဆုတောင်းခဲ့ရတာလဲ နေ့စဉ်နဲ့ အမျှပေါ့ ။ ဒါပေမယ့်... ရင်နဲ့မမျှတဲ့ ချစ်စိတ်တွေကတော့ မှေးမှိတ်မသွားခဲ့ပါဘူး ။ အို...အိပ်စက်မသွားနိုင်တော့ပါဘူးမေရယ် ။
သတိတရရေးထားမိတဲ့... သံယောဇဉ်မှတ်တမ်း (သို့မဟုတ်) သံယောဇဉ်ကဗျာလွမ်းချင်း အခုဆိုရင် အလွမ်းရနံ့လေးတွေတောင် သင်းနေပေါ့မေ ။ လွမ်းတယ်ကွယ်... ဝေးရမှာကြောက်တဲ့သူက အဝေးရောက်ခဲ့ရတာမို့ ပိုပို လွမ်းရပါတယ် မေ ။ အချိန်ရှိတိုင်းစဉ်းစားရတာလဲ မေ့အကြောင်းေ ခါင်းစဉ်များ စွာပါပဲ ။ အတူတွဲဖူးတဲ့ လက်တစ်စုံမှာ သံယောဇဉ်နွယ်လေးတွေယှက် ၊ နောက်ထပ် ချစ်သူ့လက်ကလေးကိုင်ရင်း အတူတွဲသွားချင်တဲ့ ဆန္ဒကလဲ ပြင်းပြခဲ့ရတယ် မေ ။
မောင်နဲ့မေတွဲရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံလေးဟာ သတိရတိုင်းထုတ်ထုတ်ကြည့်မိတာကြောင့် အခုဆိုရင် ဆေးသားတွေတောင် လွင့်ပျယ်လုပါပေါ့ ။ ညတိုင်းမက်တဲ့ အိမ်မက်ထဲမှာ ချစ်သူမပါရင်တောင် ဝမ်းနည်းမိသလိုမျိုး ၊ နောက်ပြီး မေ့နာမည်ကို တိုးတိုးလေးအော်ခေါ်နေခဲ့ဖူးရဲ့ ။ လွမ်းရတယ်ဆိုတာ ၊ ဒဏ်ရာမဲ့ ဝေဒနာတစ်ခုပါ လို့ မောင်ပြောခဲ့ဖူးတယ်လေ ။ အဲဒီဝေဒနာတွေဟာ မေနဲ့ပတ်သတ်ပြီးရလာတဲ့
ဝေဒနာတွေမို့ ကြည်ဖြူစွာမောင်လွမ်းလိုက်တယ် မေ ။ နောက်ထပ် ဘယ်လောက်တောင် ဆက်လွမ်းရမှန်း
မသိပေမယ့် ဆုံနိုင်ခွင့်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့တင် သစ္စာရှိစွာ အသက်ဆက်နေပါတယ် မေ ။
“ ဆုတောင်းတိုင်းသာပြည့်ရင် ကမ္ဘာမှာ မျက်ရည်ဆိုတာ မရှိနိုင် ” တဲ့ ။ ဒီလိုပါပဲ “ ပူလောင်မှုကင်းတဲ့ ချစ်သူ
ဘဝ အဘယ်မှာ ရှိပါ့မလဲကွယ် ” ။ ထပ်တူဆန္ဒတွေနဲ့ လွမ်းမောခဲ့ကြသောနေ့ရက်များဟာ သာယာလှပနေတဲ့ တို့နှစ်ဦးအတွက် ရေသောက်မြစ်ကလေးပါပဲ ။ အချစ်စစ်၏ မဖြောင့်ဖြူးသော လမ်းကို
မယိမ်းယိုင်တဲ့သစ္စာတရားနဲ့ တံတားခင်း နောင်တစ်ချိန်မှာ တို့ဘဝလေးက ရွှေရောင်လင်းနေရမယ်လေ ။
သူထားသွားမှာ ကိုယ်ကြောက်တယ် ၊ ကိုယ်ထားသွားမှာ သူကြောက်တယ် ။ ကိုယ်စီစိုးရိမ်မှုတွေအကြား
နားလည်မှုအပြည့်အဝပေးတဲ့မေ့ကို မောင်ကျေးဇူးတင်ပါတယ် ။ မောင့်ကို အချစ်စစ်နဲ့ချစ်ပေးတဲ့မေ့ကို
မောင် ကျေးဇူးတင်ပါတယ် ။ အရာအားလုံးအတွက် ကျေးဇူးပါမေရယ် ။
အခုလို ချစ်သူနှစ်ဦးရဲ့ အရေးကြီးဆုံးနှစ်ပတ်လည်ညမှာ မေ့လေးမှာ မောင်ရှိမပေးနိုင်တဲ့အတွက် မောင်
တောင်းပန်ပါတယ်မေ ။ အသက်ထက်ဆုံး မေ့ကို ချစ်နေပါဦးမယ် ။ သြော်... သစ္စာတရားနဲ့ ချစ်နေပါဦး
မယ်မေ ။
.
မင်းခသူ ( ကဗျာ Diary )