တမလွန်သို့ နယ်ကျွံခြင်းမှ

အဲဒီ အခန်းက သိပ်မှောင်တယ်
လောင်ကျွမ်းနေတဲ့ ပြတင်းမရှိ
ကိုယ့်ရင်တွင်းကို လှမ်းမျှော်ကြည့်တော့
နွမ်းရော် ရိတွဲနေတဲ့ကဗျာတစ်ပုဒ်
ဘယ်သူများ မောင်းဖြုတ်ချခဲ့သလဲ
ပူတယ် ... ။
   အဲဒီ ကန္တာရဟာ သိပ်ခေါင်တယ်
ငါ့လက်မောင်းမှာ ဂလူးကို့စ်ပိုက်များ
မိုးခါးရေတွေ တသွင်သွင်း စီးလို့ ....
တောင်းပန်ပါတယ် ငါ့ရှင်တို့ရယ်
ငြိမ်းချမ်းရေးတကယ်ရမှ အမျှဝေပါ ။

မြန်မာပြည်မြေပုံကိုက
အေကေ 47 တစ်လက်နဲ့တူတယ် တဲ့
ချိုးဖြူငှက်တွေ ဝမ်းနည်းတကြီးပြောခဲ့
မိသံလွင် ရယ် ....
ငါ့ရင်မှာ ယမ်းနံ့တွေ တထောင်းထောင်း ထ
ဧရာဝတီဟာ စကားမပီသတော့ဘူး ။
ဘုရားကျောင်းထဲက ဆုတောင်းသံ
စန္ဒရားခလုပ်တွေပေါ်က ဓမ္မတေးသံ
မိသံလွင် ရေ ....
စိတ်ပြေလက်ပျောက် ကြွေလိုက်ကြရအောင် ။

ပလိုင်းပေါက်နဲ့ စာသင်ကျောင်းပျက်
အရိုးခေါင်းတွေ အက် ရှ မြည် ကြွေး
ငြိမ်းချမ်းရေး ဆိုတဲ့ တေးကို ဆိုကြ
ကျည်ခွံတွေ တပေါက်ပေါက် အန်ချ
အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ၊
ဆွေးနွေးပွဲမှာ ယမ်းနံ့တွေရတယ်
အရင်တိုင်းပဲ ပြေးကြပါစို့ကွယ် ...

ဝ လုံးတပိုင်းတစနဲ့ ကျောင်းပျက်ခဲ့
ပါးပေါ်က ပါးကွက်လေးပျက် လို့
မျက်ရည်ကျနေတဲ့ လူကလေး ...
ညီမလေးဘယ်မှာ ...
အဖေကယ်ပါ.... အမေကယ်ပါ ၊
ကယ်ပါ ရွာထဲ ချာချာလည်
ဟိုလူကြီး ဘာလို့ရယ်နေတာလဲ

ငရဲကြီးမှာ မကြောက်ဘူးလား ...
ဘုရားရိုက်မှာ မကြောက်ဘူးလား ...
အော်ဟစ်ကြိမ်းဝါးနေတဲ့ လူကလေး
တောခိုဖို့ သတ္တိမွေးနေပြီ အမေ ။

လက်ညှိုးကလေး ကွေးဖို့
လူဖြစ်လာတဲ့ " လူစိမ်း " များ
ပြည်သူကမွေးဖွားလာတာ မဟုတ်ဘူး
ဟိုလူကြီးကတော့ ရယ်မြဲ ရယ်လို့ ၊
ပြုံးမြဲ ပြုံးလို့ ....
သူတို့ ရယ် ဖို့ မောင်းတွေဖြုတ်နေတာလား ...
သူတို့ ပြုံး ဖို့ ဗုံးတွေထုတ်နေတာလား ...
လူကလေး " တောက် " ခေါက်သွားတတ်ချိန်
အဲဒီတစ်ချိန်မှာ ခင်ဗျားတို့ဘက်
သေနတ်ပြောင်းလှည့်ရင် ရယ်နိုင်ပါစေ ။