လက်ထပ်လက်စွပ်လေးအကြောင်း

ခါးသီးမှုတွေကို တဟွတ်ဟွတ်ဆိုးနေတယ်
ပါရာစီတမော ၁၅၀၀ မီလီဂရမ်ပါဝင်တဲ့
ဘိုင်အိုဂျက်ဆစ်သောက်ပါ မိန်းကလေး
ဖျားနာရင် တရားနာပါ ....

ဘဝကူးကောင်းဖို့ ဆုတောင်းမယ့်အစား

   စိမ်းကားမှုကိုလည်း သိမ်းထားလိုက်ပါ ...
ပြောင်းပြန်ကြီးကူးနေတဲ့ တိမ်တိုက်များ
လိုက်ဖို့မှာကြား ...
မသွားနဲ့ .......... မသွားနဲ့ကွယ် ။

စံပယ်တွေ နေကွယ်ရင်သေကြမယ်
သက္ကရာဇ်မှားပေးလိုက်ရတာ သနားစရာ
ရနံ့တွေဟာ ... ဖျားနာနေတုန်းလား
လက်ချောင်းမှာ မဟူရာညတွေရှည်လျား
ဘဝကို ငရဲမီးနှင့်တိုက်စား ပွေ့ဖက်ရာမှ
ထွက်ကျလာသော လက်ထပ်လက်စွပ်လေး
စိတ်ချ .... ၊ မင်းအတွက် ဖြစ်ကိုဖြစ်ပေးမှာပါ

နာကျည်းမှုတွေ တတွတ်တွတ် ရွတ်နေတယ်
စန္ဒရားခလုပ်တွေပေါ်က မင်္ဂလာတေးတပိုဒ်
ဘယ်သူမှမသိအောင် တိုက်ခိုက် ချေမှုန်း ....
တစ်ခုသော အပြစ်တော်အတွက်   .... ငါ့ကို
သေဆုံးခြင်းဖြင့် သင်ပုန်းချေခွင့်ပေးပါအရှင် ။

ဘဝကို ငရဲမီးနှင့်တိုက်စား ပွေ့ဖက်ရာမှ
ထွက်ကျလာသော လက်ထပ်လက်စွပ်လေး
စိတ်ချ .... ၊ မင်းအတွက် ဖြစ်ကိုဖြစ်ပေးမှာပါ...