မိ မိ မုန်း

သခင် အမုန်းခင်း
ရင်နှလုံး ယွင်းလုပါပြီလေ ။

အချစ်ရွာတစ်လျှောက်
မေတ္တာမထောက် ...
ဪ ... သစ္စာဖောက် သူကြီးရယ်လို့
အယူသီးကာ စွဲချက်အကြမ်းတွေနဲ့
အသည်းထက်ခြမ်း ကွဲစေညွှန်းလေတော့
ယွန်းပါ့မယ် မေ ... ။

နမ်းခွင့်မပိုင် မကမ်းလင့်နိုင်တဲ့
ပန်းပွင့်တစ်ခိုင် အလိုတော်ကျ
အလွမ်းဆင့်ပြိုင် အငို , အမျှော်ဘဝမှာ
ပျိုအဖော်က ရက်စက်လွန်းတာကြောင့်
အသက်နွမ်းကာ မကြာဆွေးလေရဲ့
ကဗျာရေးတဲ့ မောင်ပါမေ ....
ရှောင်ခွာစေ မိမိမုန်း ။

အတည်တကျ လွမ်းရဲတာမို့
ဒီဘဝလမ်းခွဲပါစို့ ရယ်လို့လည်း
အသည်းလွှာ အမိန့်ပြန်တမ်းတွေနဲ့
နှုတ်ခမ်းတော် မြှားတပ်ခွင်းပြီပေါ့ ...
မင်းလိုရင် ဖူး ၊ မင်းခူးရင် ကြွေ
မင်းစေရင် ပွင့် ၊ မင်း ဆင့်ကာမပန်ချင်တော့
အထံတွင် အမှန်ပင်မနေရဲပါဘူး
ဝေလည်း ထိတ်ထိတ် ၊ ကြွေလည်းတိတ်တိတ်နဲ့ပဲ
ကြေကွဲ သိုသိပ်ကာ ရတက်ဝေမဆုံးပြီမို့
မေရယ် ......
အမျက်ဖြေပါဦး ။

မင်းခသူ