ဒီနာနာဘာဝက ဘုန်းကြီးဘဝကလာခဲ့တာဖြစ်တယ်
ရိုးရာတောက်ခေါက်သံနဲ့လည်း ပြေးမှာမဟုတ်ဘူး ။
ဒီတော့ ဘာလုပ်ကြမလဲ ... " ဘာလုပ်ကြမလဲ " ဆိုပြီး
မြင်းခွာတွေ သ,နေတဲ့ ကိုဗဟိန်းကထပြောလိုက်တယ်
ဗိုလ်အောင်ကျော် ခင်ဗျားဘာလုပ်မလဲ
ဒီတော့ ဘာလုပ်ကြမလဲ ... " ဘာလုပ်ကြမလဲ " ဆိုပြီး
မြင်းခွာတွေ သ,နေတဲ့ ကိုဗဟိန်းကထပြောလိုက်တယ်
ဗိုလ်အောင်ကျော် ခင်ဗျားဘာလုပ်မလဲ
အံကိုတင်းတင်းကြိတ်တယ်
ကိုဖုန်းမော် ခင်ဗျားဘာလုပ်မလဲ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်တယ်
ဝင်းမော်ဦး မင်းရောဘာလုပ်ချင်သလဲ
နှုတ်ခမ်းကို ဒေါင်းသွေးတွေရွှဲစိုလာတဲ့အထိ
ကိုက်ပစ်ရင်း ...
" မောင်းထုတ်မယ် "
အသံဟာ တဝမ်းထဲကထွက်လာသလို တညီတညာတည်း
ငရဲတံခါးတွေဆီပြေးပြီး တဝုန်းဝုန်းပဲ့တင်ရိုက်ခတ်နေတယ်
ဟုတ်တယ် ... ငါတို့ မောင်းထုတ်ချိန်တန်သလို ငါတို့တွေရဲ့
မောင်းတွေဖြုတ်ချိန်လည်း တန်ပြီ
ထို့နောက်
မကြောက် ၊ မရွံ့ ၊ မတွန့် ၊ မဆုတ် ၊ မတုန်လှုပ်သောဟန်နဲ့
အသံတွေဟာ တစ်သွေးတည်းကစီးလာသလို တညီတညာတည်း
လောက်ကောင်တွေဆီကို မီးတောက်တွေလိုပြေးဝင်သွားတယ် ။
ဒီကမ္ဘာ့အယုတ်စွဆုံးလောက်ကောင်တွေဟာ ၊ ကျောင်းသားဆိုတဲ့
" ဆား " ပွင့်တွေကိုကြောက်တယ် ၊ ဆားပွင့်တွေက လောက်နဲ့တွေ့တော့
နု ရာကနေ ကြမ်း ၊ ကြမ်း ရာကနေ နု ... ၊ တစုတစည်းတည်းအမြဲရှိလို့
" ဆား " ပွင့်တွေကိုကြောက်တယ် ။
ဟိုလောက်တွေက မစင် သိပ်ကြိုက်တယ်
ဒီလောက်တွေက ပလ္လင် သိပ်ကြိုက်တယ်
ဟိုလောက်တွေက အပုပ် သိပ်ကြိုက်တယ်
ဒီလောက်တွေက တရုတ် သိပ်ကြိုက်တယ်
ဟိုလောက်တွေက မိလ္လာ သိပ်ကြိုက်တယ်
ဒီလောက်တွေက လိမ်ညာတာ သိပ်ကြိုက်တယ်
ဒါပေမယ့် ...
ဒီကမ္ဘာ့အယုတ်စွဆုံးလောက်ကောင်တွေဟာ ၊ ကျောင်းသားဆိုတဲ့
" ဆား " ပွင့်တွေကိုကြောက်တယ် ။
ဖုန်းမော် ၊ ဝင်းမော်ဦး ၊ ဒီမိုကရေစီရမှအမျှယူမည့် ဆားပွင့်များ
သို့မဟုတ်
သံမဏိဝတ်မှုန်များရဲ့ ကမ္ဘာမကြေ ၊ ဥဒါန်းမကြေ ၊ ကျိန်စာအနီတွေ
အသံတွေဟာ တပွင့်တည်းကရနံ့တွေလို တညီတညာတည်း
အကျဉ်းခန်းသံတိုင်တွေကို ဂစ်တာကြိုးတွေလိုတုန်ခါစေတယ်
" ကေဇဝင်း " " ဖြိုးဖြိုးအောင် "
လောက်ကောင်တွေရဲ့ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အရ
အဓမ္မအကျဉ်းချခံထားရသော ဒေါင်း၏သားတော် ၊ သမီးတော်များ
ကိုဗဟိန်းစိတ်ရှိသော ၊ ဗိုလ်အောင်ကျော်စိတ်ရှိသော ၊
ဖုန်းမော်စိတ်ရှိသော ၊ ဝင်းမော်ဦးစိတ်ရှိသော ဆားပွင့်ကလေးများ ၊
လောက်ကောင်တို့အား မီးလိုပြင်းပေးနိုင်ပါစေသား .... ။
မင်းခသူ
Aug . 27 . 2015