နှင်းဆီတွေပွင့်အောင်ကစမ်း ၊ မနှင်းဆီ ၊ ကပါ

ခြေချိုး ၊ လက်ချိုးနဲ့ပဲပြုစားသွားတဲ့အတတ်ပညာ 
ခေါင်းမော့ ၊ ရင်ကော့နဲ့ပဲညှို့ငင်တဲ့အတတ်ပညာ
မနှင်းဆီသာ ... ပိုင်ပါတယ် ။
မနှင်းဆီရဲ့ ထမိန်အနားခတ်သံ
မနှင်းဆီရဲ့ ထိုင်မသိမ်းကိုခြေနဲ့ခတ်လိုက်တဲ့အသံဟာ
ကျွန်တော့်အတွက် အာဏာပဲ
ကျွန်တော်ချစ်သော မနှင်းဆီရဲ့
မာယာပဲ ။ 

( နှင်းဆီတွေပွင့်အောင်ကစမ်း ၊ မနှင်းဆီ ၊ ကပါ )
မနှင်းဆီဟာ ညကိုအနုပညာနဲ့ချော့ ချော့သိပ်
ကျွန်တော်မအိပ်ဘူး ၊ မနှင်းဆီရဲ့ခုနှစ်ထွေမှာ
ကျွန်တော် ကဗျာလေးတွေရွတ်ပေးချင်လို့ပါ ၊
ကျွန်တော် မေတ္တာကိုရွတ်ဖတ်ပူဇော်ချင်လို့ပါ ၊
မနှင်းဆီရဲ့ခြေကျင်းခတ်သံမှာ ၊ ကြယ်ကလေးများ
စကားမဲ့စွာ မျက်တောင်ခတ်သွား ၊ လရောင်များ ၊
ပြောင်းပြန်စီးမျောသွား ၊ မနှင်းဆီရဲ့ အလှတရား ၊
ချစ်စွာသော မနှင်းဆီ ... အကသမား ။
ဒီညဟာ မနှင်းဆီရဲ့လက်တံတွေလိုညွှတ်ကွေး
တောင်တန်းတို့ မနှင်းဆီရဲ့ခါးတွေလို ညွှတ်ကွေး
ယုတ်စွအဆုံး
ကျွန်တော့်မေတ္တာဟာ မနှင်းဆီအပေါ် ညွှတ်ကွေး
ဟောဒီငချွတ်လေး ... မနှင်းဆီကိုသိပ်ချစ်တယ် ။
( နှင်းဆီတွေပွင့်အောင်ကစမ်း ၊ မနှင်းဆီ ၊ ကပါ )
မနှင်းဆီအတွက် ရင်ထဲက ဒို ၊ရေ ၊မီ ၊ဖာ တွေ... ဆို ၊ လာ ၊ တီ ၊ဒို
မနှင်းဆီအတွက် ရင်ထဲက ဒို ၊ရေ ၊မီ ၊ဖာ တွေ... ဆို ၊ လာ ၊ တီ ၊ဒို
သီချင်းသံပိတ်သွားတောင် ဒို ၊ရေ ၊မီ ၊ဖာ ၊ဆို ၊လာ ၊တီ ၊ဒို ...
ဝတ်မှုန်တွေလည်း ချို ၊ ညတေးချင်းတွေလည်း ချို
ဆောင်းနှင်းတွေလည်း ချို ၊ နွေရွက်ကြွေလည်း ချို
ယုတ်စွအဆုံး
မိုးစက် မိုးပွင့်တွေလည်း ချို
မနှင်းဆီသို့ သုံးရာသီလုံး ဒို ၊ရေ ၊မီ ၊ဖာ ၊ဆို ၊လာ ၊တီ ၊ဒို ...
ဘဝတစ်ခုလုံးလှဖို့ မနှင်းဆီလိုတယ်
( နှင်းဆီတွေပွင့်အောင်ကစမ်း ၊ မနှင်းဆီ ၊ ကပါ )
တခါ တခါ မနှင်းဆီကတဲ့ညတွေကို ဆာတယ်
တခါ တခါ မနှင်းဆီရဲ့ မေးထိုး ခေါင်းလှုပ်တွေကို ဆာတယ်
တခါ တခါ မနှင်းဆီမကတော့ရင် ကျွန်တော့်ရောမမြို့ကြီး ...
တယောသံတွေကြားတာတောင် မီးတွေလောင်လို့
မနှင်းဆီရေ
မနှင်းဆီရေ့ ....
အသွင်တင့်သည့်မှန်း ... ဆူးရှိမှန်း သိသော်လည်း
ဟောဒီငမိုက်သားက နှင်းဆီဆိပ်တွေကိုဆာတယ်
ရမ္မက်မပါ ၊ ကာမဂုဏ်မပါ ၊ အပြာရောင်တွေမပါ ၊
မနှင်းဆီရဲ့အနုပညာကို ကျွန်တော် ဆာတယ်
ကျွန်တော် ဆာတယ် မနှင်းဆီရဲ့ အနုပညာကို
ချစ်သော မနှင်းဆီငဲ့ ...
( နှင်းဆီတွေပွင့်အောင်ကစမ်း ၊ မနှင်းဆီ ၊ ကပါ ) ။


မင်းခသူ