ငါ့ရဲ့အသက်ကို ကိုင်ထား

တစ်ယောက်တည်း စကားတွေကြား 
ဘဝဟာ ........
မိန်းမတစ်ယောက်ရဲ့ ရင်သားတွေလို
မောက်မာနုညံ့တယ် ။ 

ပွဲတော်တစ်ခုခုရဲ့
ငါ့ကို ခြောက်လှန့် မောင်းထုတ်သံတွေ
ကြား .... ရ
ဇာနဲ့ချုပ်ထားသလိုခပ်ပါးပါး ၊ အတိုင်းသား
နှင်းခြောက်တွေ ငါ့အပေါ် တဖွားဖွားကျလို့
တစ်ယောက်တည်း လိုင်းတွေနဲ့ ရှုပ်ယှက်ခတ်
တောသူမတစ်ယောက်ရဲ့ဦးခေါင်းပေါ်က ခရေ
နေညိုလည်း မွှေးချင်တယ်
တစ်ယောက်နဲ့
တစ်ယောက်ဟာ ချစ်သူမသိတသိအချိန်ထဲ
တစ်ယောက်နဲ့
တစ်ယောက်ဟာ ဆည်းဆာတိုင်းဆုတ်ဖြဲမိ
ငုတ်မိ သဲတိုင်
တက်နိုင် ... ဖျားနာ
စကားမရှာပဲ စွတ်လွမ်းချင်သူ
ခေါ်မကြား
ပျောက်သောသူ ရှာလျင် " ရွေ့ " ...
အနီး အဝေးပြဿနာ ၊ ပါဝါတက်တဲ့ရင်ဘတ်
မျက်နှာအပ်စရာ မရှိသူ
ရောင့်ရဲမှု အတုနဲ့
ငါ့နာမ်ကို ပလတ်စတစ်အရုပ်ထဲ ထည့်ထား
ငါသောက်တဲ့ စီးကရက်ငွေ့တွေထဲ ၊ သောက
မဟာငြီးငွေ့မှုကြီးနဲ့ အိုဇုန်းလွှာပေါက်ကွဲတာ
ရေခဲမြစ်တွေ အရည်ပျော်တာ ...
ငါငိုတာ
Vampire တစ်ကောင်ရဲ့နှုတ်ခမ်းကိုဆာလို့
..... ရှာဖို့
ရော့ ......
ဟောဒီ အရှင်လတ်လတ်တမလွန်ထဲက ငါ့ရဲ့
အသက်ကို ကိုင်ထား ။


K သူ
Nov. 6
2 0 1 5