နောက်ဆုံးအနေနဲ့ ကြည့်ခြင်း ဖြစ်နိုင်တယ် / မဖြစ်နိုင်ဘူး
ဘယ်သူပြောနိုင်သလဲ ၊ သေချာတယ် ဒါဟာနောက်ဆုံးလို့ ။
အောင်ပင်လယ် ဘယ်မှာလဲဆိုတာ သူမသေချာ ငါမသေချာ
အဆုံးစမဲ့လယ်ကွင်းနဲ့ ရှုမျှော်ခင်းမှန်သမျှထဲမှာ ပင့်သက်ဟာ
လွင့်ထွက်သွားတဲ့ မျက်ရည်လေးတစ်စက်ပဲ ။

နှင်းတွေကိုချုပ်ဝတ်ထားပေမယ့် သူမချမ်းဘူး ၊ ငါချမ်းနေတယ်
မန္တလေးတောင် ပတ်လမ်းလေး ၊ တစိမ့်စိမ့်အေးလား အေးရဲ့ ။
ရွှေသားတွေလား ၊ တော်ဝင်မှုရဲ့ ဝိဉာဉ်တွေလား မကွဲပြားသော
ရတနာပုံမုဌ်ဦးကြီးထဲက ခြေကျင်းသံတချွင်ချွင်တွေ ...
ကျောက်တော်ကြီးဆီက လွင့်ပျံ့လာမယ့် တရားဓမ္မသံတွေ ...

ဒါဟာ နောက်ဆုံးဖြစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တဆုံးကြည့်မယ်
သိပ္ပံခေတ်နဲ့ မန္တလေးဟာ သူမသေချာ ငါမသေချာတွေများတယ်...။

မြနန္ဒာရဲ့ ရေညိုညိုနဲ့ ကျုံးမြို့ရိုး ၊ ပန်တျာကျောင်း ၊ ဝါးရွက်စိမ်းရနံ့
သုဓမ္မာဇရပ်တန်း ၊ ငါ့မိခင်ကိုလွမ်းသလိုမျိုး ငါလွမ်းဆွတ်နေဦးမယ်
နောက်ဆုံးဖြစ်နိုင်သော အကြည့်နဲ့ ငါကြည့်တယ် ... ။

ဈေးချိုတော် ၊ အိမ်တော်ရာဘုရား ၊ အသက်တစ်ချောင်းနဲ့ တူတဲ့
နာရီစင် ၊ ရေနီမြောင်းရဲ့ကိုယ်သင်းရနံ့ ၊ ဆည်းဆာနဲ့ ဂေါဝိန်ဆိပ်ကမ်း
အသက်ရှုတိုင်းလွမ်းနေမယ် ၊ အသက်မရှုလည်း လွမ်းနေမယ် ။
နာရီစင် ၊ ရေနီမြောင်းရဲ့ကိုယ်သင်းရနံ့ ၊ ဆည်းဆာနဲ့ ဂေါဝိန်ဆိပ်ကမ်း
အသက်ရှုတိုင်းလွမ်းနေမယ် ၊ အသက်မရှုလည်း လွမ်းနေမယ် ။
ဒါဟာ နောက်ဆုံးဖြစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တဆုံးကြည့်မယ်
မန္တလေးတက္ကသိုလ်နဲ့ အပျိုဟာ သူမသေချာ ငါမသေချာတွေများတယ် ။

မဟာမြတ်မုနိ ၊ ကြေးသွန်းယဉ်ကျေးမှု ၊ ကျောက်ဆစ်လက်ရာ
မှန်စီရွှေချ လက်ဆယ်ဖြာ ၊ သဒ္ဓါဟာ အညာရဲ့ ရတနာပါပဲ ... ။
ခပ်ဝေးဝေးတောင်တန်းတွေကို ရှမ်းမလေးလို့ ပညတ်ပြီး
ဟောဟိုစစ်ကိုင်းတောင်တန်းတွေကိုတော့ နိဗ္ဗာန်လမ်းလို့ ကင်ပွန်းတပ်မယ်
ဖြစ်လွယ် ပျက်လွယ်သင်္ခါရတွေထဲ ထာဝရလှကြပါစေလို့ ... ။
မှန်စီရွှေချ လက်ဆယ်ဖြာ ၊ သဒ္ဓါဟာ အညာရဲ့ ရတနာပါပဲ ... ။
ခပ်ဝေးဝေးတောင်တန်းတွေကို ရှမ်းမလေးလို့ ပညတ်ပြီး
ဟောဟိုစစ်ကိုင်းတောင်တန်းတွေကိုတော့ နိဗ္ဗာန်လမ်းလို့ ကင်ပွန်းတပ်မယ်
ဖြစ်လွယ် ပျက်လွယ်သင်္ခါရတွေထဲ ထာဝရလှကြပါစေလို့ ... ။
ဒါဟာ နောက်ဆုံးဖြစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တဆုံးကြည့်မယ်
ရေဇလာနဲ့ ဗေဒါဟာ တောင်သမန်ရဲ့ အသိမ်မွေ့ဆုံးအနုပညာပဲ ... ။

စိမ်းညို့ညို့ထန်းတော ၊ လိမ္မော်ရောင်ဆည်းဆာ ၊ ဦးပိန်တံတား
လရောင်တွေနာဖျားသွားစေနိုင်သော အလှတရားနဲ့ ၊ မဖုရားရဲ့ ...
မကိုဋ်တော်က ပန်းတွေလို လေညင်းဟာ ဧရာဝတီနံ့တသင်းသင်း
တောင်သမန်ဟာ ရတနာပုံခေတ်ရဲ့ သီချင်းလို
ရင်ဘတ်ပေါ်မှာ နှလုံးသွေးနဲ့ရေးမှတ်ထားတယ် ရတနာပုံတက္ကသိုလ်ကို ။

ဒါတွေဟာ နောက်ဆုံးဖြစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တဆုံးကြည့်မယ်
ဒီကဗျာနဲ့ အမိမန္တလေးဟာ အလှမ်းဝေးစရာသင်္ခါရတွေရှိတယ် ။

မင်းခသူ ( K သူ )
Nov.29
2 0 1 5 .
2 0 1 5 .