ရေတံခွန်ကို ဆယ်မွန်ငါးတို့ ကျော်နိုင်ပါ့မလား ။ ရင်နှင့်အမျှ ကြေကွဲပြရုံလေးနဲ့
မျက်ရည်စတွေရော သွေ့ခြောက်နိုင်ပါ့မလား ။ ဘုရားကျောင်းမှာ ဆုတောင်းခဲ့
တိုင်းသာပြည့်ရင် ကမ္ဘာမှာ ငိုသံတွေရှိပါဦးမလား ။တစ်ယောက်တည်း ခွန်းကြီး
ခွန်းငယ် သင့်မြတ်လိုက် ။ တစ်ယောက်တည်း တင်းတိမ် ရောင့်ရဲစွာ မြင့်မြတ်
လိုက် ။ ဘယ်သူမှမပိုင်ဖူးတဲ့ နာကျည်းချက်တွေပိုက်ရင်း နှုတ်ခမ်းကိုက်မိသူ ။

မင်းလဲ အဆင်ပြေပါစေ ။ ကိုယ်လည်း အဆင်ပြေသွားမှာပါ ။ ဆယ်မွန်ငါးလေး
ခုန်ကြည့်တိုင်း ရေလှိုင်းတွေက ရိုက်ချတယ် ။ အဆင်ပြေသွားမှာပါ ။
ကိုယ်လောကကြီးကို သံသယဝင်တိုင်း စိတ်ရိုင်းဝင်တယ် ။ လက်သီးဆုပ်မိရုံ ၊
ခေါင်းခါမိရုံ ၊ ဘယ်တော့မှပြန်မထူးတဲ့နာမည်ကို ခေါ်တယ် ။ ဘယ်တုန်းကမှ
မအေးဖူးတဲ့ ဆောင်းမှပျော်တယ် ။ မျှော်လင့်ချက်မပြည့်ဝမှု ၊ ယုံကြည်ချက်မ
ကြံ့ခိုင်မှု ၊ ဘဝရဲ့လိုအပ်ချက်တွေ ပိုပိုပြီးလိုအပ်နေမှု ၊ ဆန္ဒအတု ၊ အင်အား
အတုနဲ့ ကိုယ့်ကံကြမ္မာကိုယ် လုယူနေရချိန်မှာ ပခုံးတဖက်ကို ဆာလောင်တာ
ဘာကြောင့်ပါလဲ ။ တစ်ယောက်တည်းဆိုလည်း လျှောက်ရဲပါရဲ့... ။ နှစ်သိမ့်မှု
အတု ၊ သတ္တိအတုနဲ့ ။ ကဗျာလို ကဗျာတွေလည်း ဖွဲ့ဖြစ်ခဲ့တယ် ။

အချစ်ဟာ လေပြေနဲ့ မုန်တိုင်းကြားက ယဉ်ကျေးမှုတစ်ခုသာဖြစ်တယ် ချစ်သူ။
ကိုယ်ဟာ... ကမ္ဘာဖျက်ရန်စွယ်တွေထဲက လိမ္မာတဲ့ မိစ္ဆာတစ်ကောင်သာဖြစ်ပြီး
ချစ်သူဟာ သူရဲကောင်းတစ်ယောက်အတွက် ပါရမီဖြည့်ဖက်ဖြစ်လိမ့်မယ် ။ ဒါ
အနန္တမှာလည်း မဆုံနိုင်တဲ့မျဉ်းပြိုင်တို့ရဲ့ နိယာမပါပဲ ။ ခုတော့ သွားတော့နော်။
သံသရာတစ်ပတ်လည်တဲ့အခါ မျက်ရည်ဟာ ဝတ်ရည်ပြန်ဖြစ်လာပါလိမ့်မယ် ။
ဒီဆောင်းကိုတော့ ဒီအကြောင်းတွေ ပြန်မပြောပြတော့ပါဘူး ။ အရာရာ ...သင့်
အလိုတိုင်းသာ ရှိပါစေတော့ ။ ရှိပါစေတော့ကွယ် ... ။

ဒီနေရာကနေလှမ်းမျှော်ကြည့်ရင် မြင်နိုင်မယ်လို့ မျှော်လင့်ခဲ့တယ် ။ မျှော်ကြည့်
မိတယ်ပေါ့ ။ ကိုယ့်ရင်ဘတ်ပေါ်ကိုယ် မတ်တပ်တက်ရပ်ပြီး ဒီနေရာကနေခပ်
ဝေးဝေးအထိ ဝေးသူလေးဆီ ။ ကိုယ့်ထံ ပဲ့တင်ပြန်လာမယ့် အိမ်မက်တွေဆီ ။
မျှော်ကြည့်မိတယ်ပေါ့ ။ သောကကို လောကရဲ့ သီချင်းသံလို့ ထင်မှတ်မှား ...
ကိုယ့်စကားတစ်ခွန်းကြောင့် ရာဇဝင်ထဲက သူရဲကောင်းတွေကို အားနာတယ် ။
စကြာဝဠာကြီးကို ထက်ဝက်ခြမ်းပြီး ကိုယ့်လမ်းကိုယ်သွားကြမယ့် ကဗျာဆရာ
တွေလည်း တွေ့ရတယ် ။ လောကကြီးကို ခါးစောင်းတင်ပြီး ကြိတ်ငိုတတ်ကြတဲ့
ကောင်တွေနဲ့လည်း ကြုံရတယ် ။ ကိုယ်လည်း မင်းလို အဆင်ပြေချင်ပါရဲ့ ... ။

ဒါပေမယ့်ကွယ် ... ။မင်းနှုတ်ခမ်းမှာ WY စာတန်းမပါခဲ့တာလွဲရင် လေပြေတွေ
ကိုတောင် စိတ်ကြွရူးသွပ်စေနိုင်တယ်မဟုတ်လား ။ နှုတ်ဖျားမှာ သစ္စာတရား
ခေါင်းပါးသူ ၊ မျက်ဝန်းမှာ ဥပေက္ခာအရောင်တွေနဲ့ ညို့နေသူ ၊ ဆံပင်တွေလက်
နဲ့သပ်တင်တိုင်း လူတကာကို စိတ်ရိုင်းဝင်စေသူ ။ ထိုသို့ လျှောက်လဲချက်ကင်း
စွာ ... သင့်ငြင်းဆန်မှုမှာ ပျော်ပါတယ် ။ ခုတော့ ... စိမ်းပေါ့နော် ။ သံသရာများ
တစ်ပတ်လည်ဖြစ်ခဲ့ရင် ဘုရားသခင်ရဲ့မျက်ကွယ်ပြုခြင်းမှာ ကိုယ်လွတ်မြောက်
နိုင်ပါလိမ့်မယ် ။ အချစ်ရယ် ... အချစ်ရယ် ။ ဖြစ်လွယ် ပျက်လွယ် ခိုင်မာလွန်း
တဲ့ သံယောဇဉ်ကြိုးတွေနဲ့တင် ကြိုးဆွဲချသေချင်တယ် ။

K သူ
Nov.17
2 0 1 5.
2 0 1 5.