ဘဝတစ်ခုလုံး တလိမ့်ခေါက်ကွေးလိမ့်ကျတဲ့နေ့မှာ
အမေ့ဆီက စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒပြည့်ဝပါစေ
မျက်ရည်လည်နေတဲ့ ဆုတိုတိုလေးရတယ်
ချီထားတဲ့ လက်အုပ်လေးဖြုတ်ရင် အရုပ်ကြိုးပြတ်ဖြစ်သွားမလား
မတ်တပ်ရပ်လိုက်ရင် တုပ်ထားတဲ့ဒူးလေး ပြုတ်ထွက်သွားမလား
လားပေါင်းများစွာနဲ့ စကားပေါင်းများစွာမပြောနိုင်တော့တဲ့ ဝမ်းနည်းမှုထဲ
ဟောဒီလမ်းခွဲဟာ ဆင်းရဲသားရပ်ကွက်ထဲက ဖွင့်နေကျသီချင်းပါ
ကျွန်တော်သွားတော့မယ် ...
သုဝဏ္ဏလျှံခေတ် ၊ S 400 ဒုံးပျံခေတ် ၊ ကမောက်ကမ ကံကြမ္မာအစစ်တွေထဲ
ကျွန်တော်တို့ ခွဲရပါဦးမယ် ...
ရွှေတောဒေသ ကျောက်တွင်းတွေထဲက အဖေ့ကို ကျန်းမာရေးဂရုစိုက်ဖို့
လူကြုံရှိရင်ပြောလိုက်ပါအမေ ၊ ငွေသားဆိုတာ ငှက်ဖျားနဲ့လာတာ
ကျွန်တော် နှုတ်ဆက်ခဲ့တယ်လို့
ကျွန်တော်သွားတော့မယ် ... ရန်မကုန်တဲ့ ရန်ကုန်ဆီ
မျက်ရည်တွေသုတ်အမေ ...
ညပေါင်းများစွာ အိပ်ယာထဲငုတ်တုပ်ငိုခဲ့သူ
နေ့ပေါင်းများစွာ နေပူထဲအံကြိတ်ရုန်းကန်ခဲ့သူ
လောကဓံကိုတောင် တော်လှန်ရယ်မောနိုင်တဲ့ အမေ
ဘာ့ကြောင့်ငိုနေလဲ ... ဟင်
ကျွန်တော်သိတာပေါ့ ဟောဒီအမေတစ်ခု သားတစ်ခုကို
တစ်စုံတစ်ရာတွေဆီက အမေပြန်လုနေမယ် ဆိုတာ ...
နောက်ထပ်
ခြောက်ကပ်သွားတော့မယ့် အဲဒီအမှောင်ကိုအမေနာကျည်းနေမယ်ဆိုတာ
ကျွန်တော်မြင်တယ် ၊ ကျွန်တော်ကြားတယ်
မနက်ဖြန်ညတွေဆီက ရှိုက်သံသဲသဲ့ သို့မဟုတ် ဝမ်းတွင်းအငိုတွေ
အိမ်တံခါးဝဟာ ချက်ချင်းလိုလို ညနေဘူတာရုံတစ်ခုဖြစ်သွား
သံလမ်းလို မေတ္တာကြိုးတွေ အလျားလိုက်အပြိုင်းအရိုင်းကျန်ခဲ့
နောက်ဆုံးစင်္ကြန်အမှတ်လို တစ်ကိုယ်ထီးတည်း ရပ်ကျန်ခဲ့
သံရှည်ဥသြဆွဲသံလို စစ်ရှုံးသူရဲ့မျှော်လင့်ချက်တွေလို
အမေဟာ ဘာမှမတတ်သာတဲ့အဆုံး သက်ပြင်းရှည်ရှည်ချပြီးကျန်ခဲ့လိမ့်မယ်
နှုတ်ဆက်ပါတယ် အမေ
အစာအိမ်နဲ့ ပကာသနတို့ရဲ့တည်ဆဲဥပဒေအောက်မှာ
ကျွန်တော်ဟာ အလုပ်ကြမ်းနဲ့အကျဉ်းချခံရတဲ့ ရာဇဝတ်သားပါ
အဖေ့အလှည့်
အမေ့အလှည့်
ခုတော့ ... ကျွန်တော့်အလှည့်
ကျွန်တော့်အတွက် သီိရိဂေဟာဆိုတာ သေတ္တာထဲမှာခြစားခံထားရတဲ့
ပုံပြင်စာအုပ်လေးထဲမှာ ကျန်ခဲ့ပြီ
ထို့နောက် အမေကျန်ခဲ့ပြီ ၊ အဖွားကျန်ခဲ့ပြီ ၊ ညီလေးကျန်ခဲ့ပြီ
ဘုရားသခင်ဆီသွားပြီး ဧဟိဘိက္ခူခေါ်ခံရတဲ့ခေတ်
ခုက ၊ ဒုတိယဘုရားသခင်နဲ့ စီးချင်းထိုးရမယ့်ခေတ်
ဟောဒီခေတ်တွင်းမှာ လစ်ဟင်းသွားတဲ့ မေတ္တာတွေ ၊ ကရုဏာတွေ
ကျန်ခဲ့သော အမေ့အိမ်တံခါးမှာ အစိမ်းကြွေ , ကြွေလို့ ။
K သူ
Nov.29
2 0 1 5.