စိတ်တစ်ဆုံး ဝိဉာဉ်တစ်ဆုံးဝေးတဲ့နယ်မှာ
ကြယ်ဟာ တလဲ့လဲ့မှုန်ပြာဝေသင်း ၊ တောက်ပ
ကိုယ့်ငရဲရွာ ကောင်းကင်သူမလာရ ။
ရင်ဘတ်ရဲ့မြောက်ဖျားအရပ်ဆီက
ဓူဝံကြယ်ကလေးအတွက် သီချင်းအက်ကွဲ
လရောင်ရွှဲမှန်းမသိ ရွှဲခဲ့ ၊ မျက်ရည်ရွှဲမှန်းမသိ ရွှဲခဲ့
တကယ်တော့ ...
တိမ်ငွေ့လို သိမ်မွေ့တတ်တဲ့ကောင်ဟာ
လကွယ်ညများစွာနဲ့ အလဲအထပ်ရှိခဲ့ပါတယ် ။
ဝမ်းနည်းစရာအဖြစ် လှေနံမှာဓားထစ်ခဲ့ရုံ
ဘုရားကျောင်းက ခေါင်းလောင်းသံထဲမှာ
ဆုတောင်းစကားတွေ သိမ်းဆည်းခဲ့ရုံ ....
ဆောင်းလို မှုန်ရီတဲ့ဘဝမှာ ၊ ဘဝအဓိပ္ပါယ်ကို
ဂစ်တာသံသဲ့သဲ့လို ဝေသီစွာကြားခဲ့ရတယ် ။
မျက်တောင်က မျက်ရည်စတွေလည်း
မြက်ဖျားနှင်းတွေလို့ပဲ မင်းမှတ်ယူပါကွယ်
နေ့နဲ့ညကို တစ်ယောက်တစ်ခြမ်းစီယူပြီး
တစ်ယောက်တစ်လမ်းမှာ ...
တစ်ယောက်နဲ့ တစ်ယောက်လွမ်းဆွတ်ရတာ
ဝေဒနာပါ ။
ဘယ်လောက်ဝေးဝေး
ကျောင်းခန်းကလေးထဲမှာသင်ခဲ့ဖူးတဲ့ ကကြီး ခခွေး
သေတောင်မမေ့ဘူး
ကောင်းကင်သူရေ ... မင်းကိုသေတောင်မမေ့ဘူးကွယ့်
ယုံ ... ။
ဆောင်းတွေကိုခြုံပြီး
ရှိုက်ကြီးတငင် ငိုချလိုက်တော့
ဝေသော နှင်းတွေလှပါတယ် ။
ဒီကဗျာဟာ အရေပြားကိုတစ်ရွက်ချင်းလှန်ပြီး
ကိုယ့်နှလုံးသားပေါ်မှာထိုးခဲ့တဲ့ တက်တူးဖြစ်တယ်။
" အရူး " လို့ သိပ်မရူးသေးတဲ့အရူးတွေ
ဝိုင်းဝန်းလက်ညှိုးထိုးတဲ့အခါ ကိုယ် ရယ်မိမယ်
ထင်တာပဲ ...
ဘာဖြစ်သလဲ
ကောင်းကင်ရွာမှာ နေစရာမရှိမယ့်အတူတူတော့
သောကဂူမှာ ကိုယ်ငရဲသားလုပ်ခဲ့တယ် ။
နေကြာပန်းဆန်တဲ့ နှုတ်ခမ်းဟာ
နေရောင်တွေကို ဆာတယ် ၊ လရောင်တွေကိုဆာတယ်
အိပ်မောကျလျက်ရှိတဲ့ ရင်ဘတ်ဟာ
အိပ်စက်နေလျက်က နိုး ၊ နိုးထလျက်က အိပ်စက်
တဝက်တပျက် တယောသံတွေ နာကြားရင်း
တစ်ခင်းလုံးကြွေတာ မသိ
တစ်တောလုံးဝေတာ မသိ
ကိုယ်က အတိတ်နဲ့ အနာဂတ်အကြား
လမ်းတစ်ဝက်မှာပဲ ရှိတယ် ။
ခုတော့
အရာအရာကတောင် ကိုယ့်ကိုခဝါချသွားခဲ့ကြပြီ
တစ်ထောင်းထောင်းပြတ်တောက်သွားကြသော
ဂစ်တာကြိုးကလေးများလို
သစ္စာ နဲ့ မိစ္ဆာအကြားမှာ ယမ်းခါနေတော့တယ် ။
ကိုယ်ဟာ မီးလျှံတိုးတဲ့ ဖလံပိုးဖြစ်တယ်
ပြီးတော့ မီးလိုလည်းတောက်သူဖြစ်တယ်
ကိုယ့်ဈာပနပွဲတော်ဟာ ... မင်းအိမ်မက်တွေရဲ့
အဆုံးအစွန်မှာပဲရှိနိုင် တည်နိုင်လိမ့်မယ် ။
လွမ်းသူ့ပန်းခွေတွေ မလိုပါဘူးကွယ်
မင်းအကြောင်းလှမ်းတွေးရုံနဲ့ ကိုယ်မွှေးခဲ့ပါရဲ့
ငရဲပန်းလို ကိုယ်မွှေးခဲ့ပါရဲ့
ကိုယ်မွှေးခဲ့ပါရဲ့ ငရဲပန်းလို
င ရဲ ပန်း ပွင့် တွေ လို .... ။
မင်းခသူ