ချစ်ရတဲ့ သံလွင်ရွက်ရေ...
ဝိဉာဉ်အထပ်ထပ်နဲ့ ရက်လုပ်ထားတဲ့ဆောင်းရာသီမှာ
ကချေသည်တို့မရောက်တဲ့နယ်ကို ငါရောက်ခဲ့တယ် ။
မင်းလည်းမမက်ဖူး ၊ ငါလည်းမမက်ဖူးတဲ့
အိမ်မက်အသစ်စက်စက်တွေ ပြာရီရှည်လျား
မှောက်ထားတဲ့ဖဲချပ်ဟာ ငါ့ကံကြမ္မာတရားပဲလို့
ခရီးသွားသူတို့ထုံးစံအတိုင်း ငါသွားဖြစ်ခဲ့တယ် ။
သစ်ပင်စိမ်းစိမ်းတွေမှာ သစ်ရွက်အဟောင်းတွေ
ဝေဝံ့တဲ့သတ္တိကို ကဗျာဆရာဘွဲ့နဲ့ ငါလဲလိုက်ပြီ ၊
သာမညလူထက် နည်းနည်းပိုပူတဲ့ကမ္ဘာထဲမှာ ...
သာမညလူထက် နည်းနည်းပိုပူလိုက်ရတာ ၊ ငါ ၊
ပျော်တယ် ။
အလိုလိုအက်ကွဲလာတဲ့ နှုတ်ခမ်းတွေကိုကိုက်ရင်း
တစ်ညချင်းပဲ့ထွက်သွားတဲ့ လမင်းထဲမှာ ငါဟာ ....
အလိုလို ဝင်စားမိခဲ့တယ် ။
ရွှေလှောင်အိမ်လှလှထဲမှာ
ကံဆိုးမိုးမှောင်ကျနေတဲ့ကောင်ပါ အချစ်ရယ် ... ။
ဘယ်တော့မှမရောက်နိုင်တော့တဲ့နယ်ကို စိတ်နဲ့ပျံရင်း
မျက်ရည်လင်းလင်းတွေ ပျို့အက်ကျ
မင်းဆိုတဲ့တေးတစ်စကိုတောင် ငါမကြားခဲ့ရဘူး ။
သောက ကကြိုးတွေဝေသီရှည်လျား
ကောင်းကင်တော်ချောက်ကမ်ပါးမှာ ဒူးတုပ်ထိုင်
ဘယ်လိုသုံပန်းမှာမှမရှိဘူးတဲ့ အရှုံးမျိုးကိုငါပိုင်တယ်
ငါမပိုင်ဆိုင်လိုက်ရတာက
ငါ့ရင်ခွင်မှာ မစိမ်းမြတဲ့ သံလွင်ရွက်ကလေးပါပဲ ။
K သူ