၁။
ရင်ခုန်သံဟာ အချိန်မှန်မှန် / အကြိမ်မှန်မှန်
ကျွန်တော့်မမဟာ ကျောင်းတက်ခေါင်းလောင်းသံ
ကျွန်တော့်မမဟာ ကျေင်းဆင်းခေါင်းလောင်းသံ
ကျွန်တော့်နာမ်ဟာ မမဆီမှာပဲ အိပ်တန်းပြန်တယ် ။
၂။
ဟော ... ကံ့ကော်ပွင့်ကလေးကြွေလာသလို
မမ ကျောင်းကိုလာပါပြီ ၊ ဟန်ကလေးကို ချီ
အဲဒီ ရွှေရင်သိမ်းသစ်စ
ကျွန်တော့်နံနက်ခင်းတွေကို အပိုင်စားရတယ် ။
၃။
လက်တစ်ဖက်က စာအုပ်ကလေးတွေပွေ့လို့
လက်တစ်ဖက်က ထမင်းချိုင့်ကလေးဆွဲလို့ ၊
ကျေးလက်ကျောင်းတော်ကို မမလာတယ်
မမလာတယ် ကျေးလက်ကျောင်းတော်ကို ။
၎။
မမအဖော်တွေနဲု့ လာတာပါပဲ
မမတစ်ယောက်တည်းလာတာ မြင်တယ်
မမကလွဲရင် ကျွန်တော်ဟာအလုံးစုံကန်းတယ်
အလုံးစုံကလွဲရင် မမကိုနတ်ဖွက်မထားဘူး ။
၅။
မမရှိတဲ့ စာသင်ခန်းတွင်း
Lavender ပန်းခင်းကြီးဖြစ်တယ်
တဆိတ် ခွင့်လွှတ်ပါ ၊ ဆရာမရယ်
မမအကြောင်းကလွဲရင် စာမသင်ချင်ဘူး ။
၆။
ဘယ်လိုပျင်းစရာကောင်းတဲ့ ပထဝီသင်ခန်းစာလဲ
ခက်နေပါပြီ ...
အဲဒီ မြန်မာပြည်မြေပုံကို ကျွန်တော်မဆွဲချင်ပါဘူး
မမကောက်ကြောင်းတွေကိုပဲ ကျွန်တော်ဆွဲချင်တာ ။
၇။
ကျွန်တော်စွဲတာကို ကျွန်တော်ဆွဲတယ်
" ကျားသေကို အသက်မသွင်းရ " မမလည်း သိမှာပေါ့
မမပဲ ကျွန်တော့်ကိုအသက်သွင်းခဲ့တာ
စက္ကူပေါ်က စက္ကူပန်းတွေဟာ မမွှေးမြခဲ့ပါဘူး ။
၈။
ရင်ထဲပြည့်နေလို့ ဗလာစာအုပ်ပေါ်ဖြည့်နေရတဲ့
ဆောင်းဦးပေါက် ဘုန်းတော်ဘွဲ့ကဗျာတွေ ...
ဆရာမတွေ့တဲ့အခါ ကျွန်တော်အရိုက်ခံရတယ်
မမကိုချစ်လို့ ဘုရားမရိုက်ရင်ပြီးတာပဲလေ ။
၉။
မမသိအောင် ကျွန်တော်မချစ်တတ်သေးဘူး
ကျွန်တော်မချစ်ရဲသေးဘူး မမသိအောင်လို့ ၊
မမသိသွားရင် ကျွန်တော့်ကိုရှောင်သွားမှာကို
ကျောင်းပိတ်ရက်လို ကျွန်တော်ကြောက်တယ် ။
၁၀။
ကျောင်းဆင်းခေါင်းလောင်းသံ ကိုယ့်အိမ်ကိုယ်ပြန်
သနပ်ခါးကပိုကယိုမလေး မျက်စိအောက်ကပျောက်မှ
ကျွန်တော်က အိမ်ကိုရောက်တယ် ....
အိမ်ရောက်လည်း မမကမျက်စိအောက်ကမပျောက်ဘူး ။
၁၁။
အိမ်စာတွေ ... ၊ နှလုံးသားကပေးစွမ်းတဲ့အိမ်စာတွေ
တိမ်ပြာညနေရီ၊ လက်အုပ်ချီမိုး ၊ တိတ်တခိုး ဆု ....
သူ့ဆည်းဆာ လှစေ ၊ ကျွန်တော့်ဆည်းဆာလည်းလှစေ
သတိရစိတ်မှာ မြူခိုးတွေတသိမ့်သိမ့်ဝေတယ် ။
၁၂။
မိုးချုပ်နေပြီ
ရုပ်ကဆွဲခေါ်ပေမယ့် နာမ်က ဘယ်ဆီ ဘယ်ဝယ်
မမနဲ့ပတ်သက်ရင် ကျွန်တော်ကလိပ်ပြာငယ်တယ်
ကြယ်တွေကလည်း မှော်ဆန်အောင်ကြွေပြတယ် ။
၁၃။
ကျွန်တော့်မှာ များများစားစားတွေးစရာတွေရှိမနေဘူး
မမနာမည် ကမ္ဘာဦးကို စိတ်ထဲ နင့်မွှေးလွမ်းမောရင်း
ကိုယ်စားပုံရိပ်ကျောင်းလွယ်အိတ်ကို ရင်ထဲပွေ့ထွေးရင်း
အိမ်မက်ကျောင်းတော်ရာဟာလည်း ခေါင်းလောင်းသံတွေဝေလို့ပါပဲ ။
၁၄။
အဲဒီမှာ မမရှိနေတယ် ၊ မမဟာ အမြဲရှိနေပါတယ်
အဲဒီမှာမမချည်ထုံးရစ်ပတ် အိမ်မက်အသစ်စက်စက်များ
ကယောင်ခြောက်ခြား ကျွန်တော်လှမ်းဆွဲ
အလွဲကြီး လွဲတယ် ၊ အကြာကြီး ကြေကွဲဖြစ်တယ် ။
၁၅။
ဆောင်းနှယ် တစိမ့်စိမ့်အေးချမ်းနိုင်သူလေးရယ်
ကျွန်တော်စိတ်နဲ့ပန်ပေးမိတဲ့ ပန်းတွေကိုချစ်ပါ ...
ကျောင်းမှန်မှန်တက်ပါ ၊ ကျွန်တော့်ကိုလည်းချစ်ပါ
ဒီလောက်ပါပဲ ... ။
၁၆။
ပြာလွင်ကွေးကောက်တဲ့ လရောင်လမ်းချိုးတစ်လျှောက်
ကိုယ့်သက်ပြင်းနဲ့ကိုယ် ကျွန်တော်သွေ့ခြောက်နေတယ်
စနေ ၊ တနင်္ဂနွေထဲကမမကို ကျွန်တော်ပြန်လိုချင်တယ် ၊
အဲဒီနေ့တိုင်း ယောက်ျားတန်မဲ့ မျက်ရည်ဝိုင်းပေါ့ ... ။
၁၇။
ဒီလိုနဲ့ လက်ဆောင်မပေးဖြစ်တဲ့ ဆောင်းနှင်းဆီများ
စာအုပ်ကြားမှာ ရာဇဝတ်သားဖြစ်ခဲ့ကြပါပြီ ... ၊
မဆီမဆိုင်ရှက်မိပေမယ့် မမရယ်
သတ္တိအသစ်အသစ်တွေနဲ့ပဲ ဖွင့်ပြောပါရစေတော့ ။
၁၈။
မမကို ကျွန်တော်ချစ်တယ်
မ မ ကို ကျွန် တော် ချစ် တယ်
ချစ်တယ်ဆိုတာ လောကရဲ့အမြတ်ဆုံးမင်္ဂလာပါ မမ
မမကို ဘယ်ကစချစ်သွားမိမှန်းတောင်မသိပါဘူး ။
၁၉။
ကျွန်တော် အချစ်ဆုံးနဲ့ အကြောက်ဆုံးက
မြက်ဖျားနှင်းကလေးလို စိမ်းလဲ့ညွှတ်ပျောင်းတဲ့
မမ မျက်ဝန်းက ...
မျက်စောင်းကလေးတွေကိုပါပဲ ။
၂၀။
ရှိရှိသမျှ ကျောင်းပန်းတွေအကုန်ပွင့်တဲ့နေ့မှာ
ကျွန်တော့်ရင်ဘတ်ကို ဖွင့်ပြလိုက်ပါတယ် ...
မမ ရယ်တယ် ၊ လှောင်ရယ်ခဲ့တယ်
မမရယ်သံတွေထဲ ကျွန်တော့်ကိုလှောင်ပိတ်တယ် ။
၂၁။
ကျွန်တော် လွမ်းပေါ့
အနွမ်းပါးဆုံး ကျွန်တော်လွမ်းပေါ့
အခမ်းနားဆုံး ကျွန်တော်လွမ်းပေါ့
ကျွန်တော့်အရှိုက်ကို ဘုရားရိုက်ပာပေါ့ ။
၂၂။
သင်္ချာညံ့တဲ့ ကျွန်တော်ဟာ
မမမျက်ဝန်းတွေကို မတွက်ချက်နိုင်ပါဘူး
သောကတွေသာ ကျွန်တော့်ရင်ဘတ်ကိုကြက်ခြေခတ်ရင်း
မိုးစင်စင်လင်းလိုက် ၊ မိုးစုန်းစုန်းချုပ်လိုက် ... ။
၂၃။
ကန္တာရဆောင်း ၊ ကျောင်းဆင်းခေါင်းလောင်းသံ
သုညတွေတလှေကြီးနဲု့ အိမ်ကိုပြန်တယ်
လကွယ်ညတွေပန် ၊ ကြယ်ကြွေသံတွေနင်း
ကျွန်တော့်သန်းခေါင်ယံသီချင်းဟာ မမပဲပေါ့ ။
၂၄။
နီယိုးဘုရင်ကြီးဟာ မီးလျှံတွေကြားမှာတယောထိုး
တယောထိုးသူက ကျွန်တော် ၊ တယောက မမ ....
လွမ်းလောက်စရာဂီတနဲ့ ကျွန်တော် ပျော်ပါတယ်
မီးလိုတော့ ပူတယ်မမရယ် ။
၂၅။
တေလေနှင်းစက် ၊ သီချင်းအက်ကွဲ
အခက်ခဲဆုံး ကျောင်းစာမေးပွဲတွေမှာ
မမဟာ အဖြေပဲ ၊ မမဟာ အဖြေမပေးဘူး
ကြက်ခြေခတ်ဗရပွနဲ့ ကျွန်တော်စာမေးပွဲကျတယ် ။
၂၆။
မမရယ် ...
မမရယ် ...
လောကမှာ ပထမတွေနဲ့ပဲ ထွဋ်မြတ်နိုင်ပါစေ
လောကမှာ ပထမတွေနဲ့ပဲ ထွဋ်မြတ်နိုင်ပါစေ ။
၂၇။
ဆောင်းဦးမိုးလို ...
ဘာကိုမှအစိုးမရခဲ့ပါဘူး
မမထားခဲ့တဲ့ ကျွန်တော့်ကမ္ဘာမြေကြီးဟာ
သေရင် ရွှေထီးပါ ။
၂၈။
ဥပေက္ခာကျောင်းခန်းမှာ သာမန်သာမညအတွက်
ခုံနံပတ်ဟာ နောက်ဆုံးမှာ ၊ ဟိုး ... နောက်ဆုံးမှာ
ကျောက်စရစ်က
ကျောက်မဖြစ်တာသာ ဆန်းတာ ။
၂၉။
ကျောက်ဖြစ်တဲ့အခါ မမနင်းဖို့
ဖယောင်းဖြစ်တဲ့အခါ မမလင်းဖို့
တဝက်တပျက် လောကဓံတို့နဲ့အတူ
ညှိုးနွမ်းပျော်ရွှင် ၊ မမကျွန်တော့်ကိုမြင်ပါစေ ... ။
၃၀။
မမရေ ...
မမရေ ...
လောာကမှာ အကြင်နာအလှတွေနဲ့သတင်းမွှေးနိုင်ပါစေ
လောကမှာ သင်္ခါရတွေနဲ့ကင်းဝေးနိုင်ပါစေလေ ... ။
_____
K သူ
_____
2016