ညဟာ မူးစရာကောင်းလောက်အောင်လှတယ်
မလွမ်းပိုရဲ့ ကျွန်တော့်ကိုအရက်တလုံးပေးပါ ။
အဖိုးကြီးသုပ်ပေးပါ ၊ Ruby တစ်ဘူးပေးပါ ...
ရွှေလင်ပန်းမပါတဲ့ ထမင်းဆီဆမ်းပေးပါ ။
ကျွန်တော်ရင်ဖွင့်ချင်တဲ့ သီချင်းတွေ
အော်ကြီးဟစ်ကျယ် ထွက်ပြေးသွား
ကျောက်တော်ကြီးဘုရားဘေးက ...
ထန်းလက်တဲထဲ မူးကွဲနေတဲ့ကောင်ရဲ့
မယ်ဘွဲ့ကဗျာလေး နားထောင်ပါ
မ လွမ်း ပို ။
ဆိုနေကျသီချင်း Wanted ရဲ့ အရက်သမား
ညည်းနေကျနာမည် ကမ္ဘာနှင့်တူသောမိန်းမ ၊
ထိန်းမရတဲ့ တောင်စဉ်ရေမရ လေချဉ်တက်သံ
မ လွမ်း ပို သည်းခံပါ ။
ညဟာ မူးစရာကောင်းလောက်အောင် လှတယ်
မလွမ်းပိုရဲ့ ကျွန်တော်ဆီ တစ်ပိုင်းလောက်ချပါဦး
ကျွန်တော့်ဆီ ရေသန့်တစ်ဘူးချပါဦး ...
ဟောဒီမှာ မလွမ်းပိုစားဖို့ ကျွန်တော့်စေတနာတွေ
အလဲအထပ် ၊ အလျော်အစား ၊ အဖော်အချွတ် ...
နိုက်ကလပ်တွေ ကျွန်တော်စွန့်ခွာ ၊ မလွမ်းပိုရဲ့
ကြက်ရိုးနဲ့ ဟင်းချိုတစ်ပွဲချပါဦး ၊ သဒ္ဓါနိုင်းချင်းနဲ့ ။
ရတက်သမားမှသည် အရက်သမား
" နွေရိပ် " ဆိုတဲ့ ထန်းလက်ထန်းခက်တွေကြားမှာ
ကျွန်တော့်ဟာ လောကဓံကို မလွမ်းပိုထံ ရင်ဖွင့်သူ
အရက်သမားမှသည် အရက်ကျေးကျွန်
" တောင်သမန် " ဆိုတဲ့ သမိုင်းတာဝန်ကိုမော့ချရင်း
ကျွန်တော်ဟာ ဝေဒနာကို မလွမ်းပိုထံ အန်ချသူ
မလွမ်းပိုယူပါ
ဟောဒီမှာ လူငယ်တစ်ယောက်ရဲ့ချွေးနည်းစာမျက်ရည်
ဟောဒီမှာ ရောဂါသည်တစ်ယောက်ရဲ့ ဒုက္ခနာရီတွေ
ဟောဒီမှာ ကျောင်းသားတစ်ဦးရဲ့ ကျောင်းမတက်ဖူးတဲ့သောကတွေ
အရက်ဆိုင်ထဲ
ဆက်မှိုင်ဆဲ ... အလဲအကွဲ ကျွမ်းနေတဲ့ ဗို့အားနည်းမီးသီးပါ
မ လွမ်း ပို ရယ် ။
တောင်သမန်လေကိုရှိုက်ရင်း
ချဉ်စူးစူးတောအရက်နံ့ကို ရှုရင်း
ပူဆင်းလာတဲ့ဟောဒီရင်ဘတ်ကို
မလွမ်းပို နှစ်သိမ့်သီချင်းနဲ့သပ်ချမယ်
တကယ်တော့ တောင်မင်းကို မြောက်မင်းကယ်ခြင်းပါပဲ
ကျွန်တော်နားလည်မိတာက မလွမ်းပိုသည်ကဗျာ
မလွမ်းပိုသည် အလွမ်းကုသော ဒေါက်တာ
အရက်ရောင်းသူလို့ ခေါ်ရတာခါးပါတယ် မလွမ်းပိုရယ် ။
ကျွန်တော်ဟာ လူမှန်းသူမှန်းသိ ၊ မလွမ်းပိုမှန်းသိ
ညဟာ မလွမ်းပိုအကြောင်းသိရဲ့သားနဲ့ ချုပ်သွားတယ်
ကျွန်တော်ကအစကတည်းက မိုးချုပ်နေတဲ့ကောင်ပါပဲ
မလွမ်းပိုရဲ့ညကို လက်ပြယိုင်ထိုးခဲ့တာကလွဲရင် .... ။
K သူ
anni
Oct 15 .
2015