အမြင်အာရုံတည့်တည့်
ငွေနှင်းတို့ ညင်းသွဲ့ကြချေပြီ
နှင်းရည်စက်လက် ၊ ငိုနေသော
ကောင်းကင်နှင့် ၊ မျက်ရည်သုတ်သူ
မြေကြီးအကြား ...
ဖျားနာတတ်သော နှလုံးသားပေါင်း
ဆောင်း သိပါလိမ့်မည် ။
မြောက်ပြန်လေဟု ထင်သည်
မြောက်ပြန်လေ မဟုတ် ....
ဆောင်းအိပ်မက်ဟု ထင်သည်
ဆောင်းအိပ်မက် မဟုတ် ...
မှော်ရုံတောအုပ်ထဲမှ
ခပ်ဖွဖွတယောသံဖြစ်သည်
ငွေဇာရုံ ၊ ခြုံလွှာပေါ်က
နှင်းမှုန်တစ်စသာဖြစ်သည် ။
ခွာညိုတို့ ငိုကြလေသတည်းဟု
ကျွှန်တော်ရွတ်သော ဆောင်းရတု၌
ချစ်သူ ကျိန်စာတိုက်ခဲ့လေသလော ။
သဇင်ယွင်းသော ဆောင်း
မြောက်ပြန်လေလောင်းတိုင်း
ရိုးတံပြိုင်းပြိုင်း အသည်းစိုင်တို့သည်သာ
လှုပ်ယိမ်းကျန်ခဲ့ရှာသည် ။
အို ...
ဆောင်းခိုတတ်သောငှက်ငယ်
ဆောင်းညလယ် အိပ်မက်ဆိုးတစ်ခု
မြတ်နိုးယုယစွာ ကျွှန်တော်ထွေးပိုက်ရင်း
ချစ်နှင်းမှုန် ချစ်နှင်းပွင့်ကြားမှ
လေသင့်ရာ လွင့်ရှာလေသော ခင့်အား
နှင်း၏ ဖြူစင်သောသစ္စာတရားဖြင့်
လားရာအရပ်တိုင်းကို မျှော်မည် ။
မင်းခသူ
Jan. 5
2 0 1 6