နှစ်သိမ့်ဆု




နှလုံးကံမလှလို့
အမုန်းခံရတယ် မှတ်ပါမယ် ။

မဆုံဘဝကိုလည်း
ပုံတစ်မျှ ကျွန်တော်တွေးယူပြီး
ဖော်ဝေးသူ ကြွေအသည်းနဲ့
(နွေထဲမှာ...)
နေရဲပါတယ် ။

ကံကြမ္မာ အပြစ်ဖို့ရင်း
သံသရာ အချစ်မြို့တွင်းက
မချစ်လို့နှင်းတဲ့ နယ်နှင်ဒဏ်
ကယ်တင်ရန် အသနားမရှိပြီမို့
သွားကြည့်ဖို့ ပြင်မယ်ကွယ်...
သခင်ရယ် ပျော်ပါယခု ။

အမုန်းနွံ ...
အရှုံးကျွန် ... ကျွန်တော်မျိုးအတွက်
အငြိုးအမျက်နဲ့ သခင် ကစားရင်းက
အင်အားချင်းမမျှတော့ 
ရင်တံတား ခင်းသွားသွား
ရင်ဖျား နင်းသွားသွား
နှလုံးသားမှာ အငြင်ငြိုမရှိပါဘူး
အရှင်လို ကိုးကွယ်မိတာကြောင့်
တိုးတွယ်ငြိတဲ့ အလွမ်းအဆွေးကိုလည်း
ပန်းကလေးလို မြတ်နိုးလို့
ရင်ကျိုးတောင် ကျေနပ်မှာပဲ 
ကဗျာသ,ရန် ၊ ရာဇမာန် အပစ်မိန့်နဲ့
(ကျွန်တော်ပိုင်ခဲ့တာ ... )
နှစ်သိမ့်တဲ့ ဆု ။

မင်းခသူ