စီးကရက်ကို ဘယ်ဘက်ရင်အုံပေါ် ထိုးချေလိုက်ပြီ
ချစ်သောတယောကိုလည်း ၊ ခေါင်းနဲ့ရိုက်ခွဲလိုက်ပြီ
နှုတ်ခမ်းကို ကိုက်
တိုက်နေတဲ့လေစိမ်းတွေကို အားရပါးရရှူ
ဘယ်သူမှမဆိုဘူးတဲ့တေးကိုလည်း ညီးတတ်ခဲ့ပြီ ။
ငါ့ကိုခွင့်လွှတ်ပါ ကြယ်ကလေးရယ် ၊
မင်းကြွေပါစေဆုတောင်းမှ ၊ မင်းကြွေကျတော့မယ်
မင်းကြွေကျတော့မှ ၊ ငါ့ဆုတောင်းတွေပြည့်ဝလိမ့်မယ်
ကျားမနိုင် ကျီကိုမီးနဲ့ရှို့ခဲ့
ကျားသေကိုလည်း အသက်သွင်းခဲ့
ငါသည်လည်း ကျားနာတစ်ဝက် လူတစ်ဝက် ဖြစ်ခဲ့တယ်
ချစ်သူဟာ ငြူစူတော်မူတတ်တဲ့ ၊ ဗီးနပ်စ်ဖြစ်တယ်
ကဗျာတမန်လွှင့်နေတုန်းမှာ ရာဇဒဏ်သင့်စေလို့ ...
အမိန့်ချမှတ်ခဲ့သူလည်း ဖြစ်တယ် ။
ခုတော့ ငါ့လွယ်အိတ်ကလေးနဲ့ ငါနဲ့
အလင်းရွဲ့ရွဲ့ လကွယ်ကျောင်းမှာ နေသားကျခဲ့ပြီ ။
နေရောင်ခြည်တွေ နင်း
မိုးမြူစက်တွေ နင်း
နှင်းစက်တွေကတောင် နင်းတဲ့ ငါ့ဦးခေါင်းမှာ ....
ထွဋ်မြတ်စရာဆိုလို့ အလွမ်းသာကျန်တော့တယ်
နန်းတော်ကနေ ငါ့ကိုလှမ်းခေါ်မယ့်တေးသွားတွေ
အိမ်မက်မှာ နားနဲ့ဆတ်ဆတ်ကြားရပါရဲ့
အိမ်မက်ဟာ အိမ်မက်မှာတောင် အိမ်မက်ဖြစ်နေတယ်
ချစ်သူဟာ လက်စားချေတော်မူတတ်တဲ့ ဗီးနပ်စ်ပါပဲ ။
ယာတောလောက် မကျယ်ပြောတဲ့နယ်မှာ
ရာဇဝင်ကျဉ်းကျဉ်းကို တံခါးတင်းတင်းဆွဲပိတ်
ရင်ခုန်သံလေး အိပ်နေတယ် ။
ငါလွမ်းနေမိတယ် ဗီးနပ်စ်ရယ် ....
မီးဖိနပ်တစ်ရံစီးလို့ ငါ့ရင်ခွင်ကိုလာနင်းသတ်ပါ
နှင်းစက်လက်တွဲခိုနေမယ့် မင်းနှုတ်ခမ်းတော်ကို
မော်ဖူးခွင့်ပဲ ပြုပါ
ပြီးမှ ... အဲဒီနှုတ်ခမ်းလှလှနဲ့ သေမိန့်ချပါ
ဗီးနပ်စ်ရယ် ... ငါဟာ မင်းကို ချစ်မြတ်လွမ်းဆွတ်ရင်း
လကွယ်နေတဲ့ အသူရကာယ်ပါ ...၊
နတ်သမီးသတ်တဲ့လက်နဲ့သေရတာ တန်ပါတယ် ။
ကလေကချေမှာ ၊ နောက်ဆံတင်းစရာ အလျင်းမရှိ
ချစ်သောတယောကိုလည်း ၊ ခေါင်းနဲ့ရိုက်ခွဲလိုက်ပြီ
စီးကရက်ကိုလည်း ဘယ်ဘက်ရင်အုံပေါ် ထိုးချေလိုက်ပြီ
သောကဝေ့သီတဲ့ကဗျာတစ်ပုဒ်ကိုတောင်
လိပ်ပြာပုရပိုဒ်တစ်စောင်နဲ့ ၊ အမျှော်စိုက်ခဲ့မှာမဟုတ်ဘူး
ကိုယ့်ကျင်းကိုယ်တူး ၊ ငါ့ရဲ့ကူးတို့ခ တစ်မတ် တစ်မူးဟာ
ငါ့ အနုပညာကြေးတွေပါ
ငါ့ ကဗျာနဲ့ပဲ ၊ ငါ့ကိုယ်ငါ သရဏဂုံတင်မှာပါ ။
ငြူစူတော်မူတတ်တဲ့
လက်စားချေတော်မူတတ်တဲ့
နန်းတော်ရင်ခွင်မြတ်က ၊ ဗီးနပ်စ်ရေ ...
ကလေကချေ ၊ မြူနှင်းတဝေဝေ သာမညပွဲတော်
ဒီအကြောင်းတွေ မတော်တဆများကြားမိခဲ့အခါ
မင်း ပြုံးပျော်ပါ ...
ငါကတော့ ...
ကန္တာရထဲက မိုးခြိမ်းသံတစ်ပုဒ်
ဘုရားသခင်လုပ်ထားတဲ့ အံစာတုံးတစ်ခုနဲ့
နတ်ပန်းကိုလှမ်းခူးတဲ့ငါ့စိတ်တွေကို ပြန်လုရဦးမယ်
ဗီးနပ်စ်ရယ် ... ။
K သူ
18 Nov 16