ပန်စရာ အသစ်မမြင်သမျှ
သံသရာ မြစ်ပြင်အလှမှာ
နစ်ဝင်ကြရာ တူလက်တွဲလို့
အပူရက်ထဲ ကာလရှည်
ဘယ်သူဖျက်မလဲ ထာဝရလေဟု
ကဗျာစတွေ သစ္စာဖွဲ့သီရင်း
ချစ်ကမ္ဘာအလယ့်မှာ ပျော်မိသူ ။
ရတက်ဇော အပိုအလွမ်း
အမက်အမော နှစ်ကိုယ်အနမ်းနဲ့လည်း
ကျမ်းဖွဲ့စရာ မေတ္တာယှက်တွယ်ပြီး
ပန်းဘွဲ့ပမာ ချစ်ကဗျာဆက်သွယ်မငြီးနဲ့
ဖျက်မလွယ်စီးတဲ့ စမ်းရေအလျင်လို
မန်းမြေပြင်မှာ နစ်မျောကြတာအတူမို့
( တို့ရင်မှာလည်း ) ချစ်ဇော ကြွဆူ ။
ဪ ...
အခုမှ တစ်ယောက်တစ်နယ်စီ
သမုဒယ ပိတောက်, ချယ်ရီလို
မရွယ်ရည်ပဲ ဝေးကြတော့လည်း
လေးနှမ ရင်မှာအသစ်မြင်
အဝေးက မခင်သာ မချစ်ကြင်လို့
ဒီမြစ်ပြင် သစ္စာခရီးရှည်မှာဖြင့်
မေတ္တာမကြီးလေတဲ့ နှမငယ်ကြောင့်
ဘဝအလယ်မှာတော့ ပျော်ခွင့်မယူ
မျှော်လင့်သူ နွမ်းခွေလျော့ ။
လွမ်းခွင့်အပိုင်နဲ့
လန်းစွင့်နိုင်ခဲ့တဲ့ အသည်းပွင့်သွယ်မို့
ပန်းနှင့်ပြိုင်ခဲ့မယ့် ပုလဲရင့်ရယ်လို့
မျက်ရည်ပွင့်ငယ် အလွမ်းဖြင့်စီကာ
စမ်းနှင့်သီတာမှာ သက်သေအဖြစ်မျှော
နန်းအမြင့်ဆီသာ မက်မပြေရစ်သော
မောင့်အချစ်ဇော သခင်ကြားအောင်
နှလုံးသားနှောင်သည့် ဒဏ်ရာတေးသီရင်း
ထံ , တျာ အဆွေးကို ရင်ဝယ်ပိုက်ကာပဲ
မခင်တွယ်ထိုက်သူ မဉ္ဇူသကပန်းကိုရယ်မှ
ဘဝင်နယ်မြိုက်ဆူ တမင်ယူကမ်းလိုတဲ့
ချူလှမ်းမယ့် အညတရလူမှာသာ
အသက်တမျှပူဗျာ အဆွေးအလျရင်နဲ့
အမျက်မရှသူပါ လေးနှမခင်ရဲ့
တွေးဆလှည့် သစ္စာမပျက်ကြောင်း
အေးမြတဲ့မေတ္တာ ထပ်လောင်းသူမို့
ပွင့်ဦးဟောင်း ပန်းအစိမ်းမကြွေခင်ပေါ့
( ကွယ် .... ) နန်းသိမ်းလေတော့ ။
မင်းခသူ