ခရေရွက်များပေါ်က ဆောင်းရာသီမှတ်တမ်း




ကမ္ဘာဦးပုံပြင်တွေကို ရုပ်ကြွင်းလူတို့ပြောပြကြသလို
ကျောင်းလွယ်အိတ်ထဲက ခရေပွင့်ခြောက်တွေက ...
နင်နဲ့ငါ့အကြောင်းကို နံပတ်တွေတပ်ပြီးပြောကြတယ် ။

တကယ်ဆို ...
ချိုလွင်ရယ်မော ၊
တချို့သောအကြောင်းတွေကို မေ့နိုင်ကောင်းပါတယ်
ဒါပေမယ့် ငါ့ရင်ထဲမှာ စာမေးပွဲတွေကျနေတုန်းပါပဲ
နင့်ကို ငါလွမ်းတယ် ။

သုညတွေ အနန္တနဲ့ကြီးပြင်းလာခဲ့ပေမယ့်
သုညဟာ သုညပါပဲ ကောင်မလေးရယ် ။
ဗလာနတ္ထိနဲ့ကောင်ဟာ ကဗျာစပ်ကြည့်ရုံကလွဲလို့
နှစ်ချို့ခရေပွင့်ခြောက်တွေလိုလည်း မမွှေးရဲပါဘူး 
မေတ္တာတရားကို ခရေရွက်ပေါ်မှာရေးသားခဲ့တယ်
သစ္စာတရားကို ခရေရွက်ပေါ်မှာစတေးထားခဲ့တယ် 
ဒီလောက်ပါပဲ ။

ဒါပေမယ့်
နင့်ကိုယ်သင်းရနံ့လေးပုံတူကူးဖို့
ခရေပန်းတွေ အရူးအမူးလိုက်ကောက်နေတုန်းပါပဲ
နင့်နဲ့ဝေးပြီးမှ ခရေတွေကလည်း အရူးအမူးကြွေတယ်
မြောက်ပြန်လေစိမ်းတွေကလည်း
ငါနဲ့ ခရေပွင့်တွေကို ပိုပိုတိုက်ခတ်သလိုပါပဲ ။

မရွယ်ရည်သောလမ်းတွေဆီ
သတိတရရောက်သွားမိတဲ့အခါ
နှင်းတွေက အရင်နေ့ထက်ပိုသည်းပြတယ်
နင့်လက်ဖဝါးမပါတဲ့ နှင်းရိုက်ခံလက်များနဲ့
ငါ့လက်ဖဝါး ငါ ပြန်ကိုင် ၊ အို ... ဘာတတ်နိုင်မှာလဲ
ငါဝမ်းနည်းမနေကြောင်းတော့ ငါ့မျက်ရည်စက်တွေနဲ့
စာလုံးပေါင်းပြချင်ပါတယ် ။

သူများတွေက ကြယ်ပွင့်တွေရေတွက်ကြသတဲ့
ငါကတော့ နှင်းပွင့်တွေပဲရေတွက်နေမိတော့တယ်
နင်မရှိပဲ နှင်းကျပြီး ကြောက်ခမန်းလိလိငြိမ်သက်
သွေးပျက်ဖွယ်ကောင်းတဲ့နံနက်ခင်းဟာ 
ညခင်းနဲ့ဘာထူးမှာလဲ ၊ မျက်ရည်ဝဲပစ်ရုံ
နှုတ်ခမ်းကိုက်ထားရုံနဲ့ ငါ့မှာပြည့်စုံခဲ့ရပါတယ် ။

ခုတော့ ဒီလောက်ပါပဲ ...
မနက်ဖြန်နဲ့ ဆက်ရန်တွေ
နံနက်ခင်းကျေးငှက်တွေက
နင်ကြားအောင် ခရေရွက်တွေဖတ်ပြကြလိမ့်မယ်
ငါ့ကို မှတ်မိတန်ကောင်းပါရဲ့ ။

K သူ