တနေ့မှ မမေ့လေသမျှ
အလေ့ကျ မျက်ရည်စနဲ့
သက်သေပြ ဆိုနေလည်း
အပိုတွေပဲ ဖြစ်ရုံသာ ... ။
တထောင့်တည ရှည်လျားတဲ့
မောင့်ဘဝ နွေများမှာ
ခြွေထားတဲ့ ဆုအသင်္ချေကို
စိန္တေရှင် မျက်ကွယ်ပြုလေတော့
သမုဒယ သမုဒ္ဒရာ ။
အရှင် ...
မခင်လို့ပဲ နှင်နှင်
မကြင်လို့ပဲ ပုန်းပုန်း
အရှုံးကံ ညွှတ်ကွင်းထဲ
အမုန်းခံ ဝဋ်ဆင်းရဲနဲ့
မလွတ်ကင်းလည်း ထားခဲ့ပါ
စကားမဲ့စွာ နေမယ်နော့ ။
အရှင် ...
ဘဝင်ကိုပဲ ခွဲခွဲ
အသည်းကိုပဲ သုံးသုံး
ပြုံးမျက်နှာ ခဏမြင်ရရင်
တစပြင် အထီးကျန်ညမှာ
ဘဝရှင် အနီးပြန်မကြွပေမယ့်
အန္ဓရဲ့ အရှုံးခရီးဘုံကလေးမှာ
ခံရတဲ့ အမုန်းမီးလှုံဆွေးလို့
ကိုယ့်မှာ ...
အေးမြတယ်ပေါ့ ။
မင်းခသူ