တပါးဆီ ထွက်လှမ်းသွားဖို့
ပျားရည်စက် နှုတ်ခမ်းပါးက
ခါးသောစကား ခြွေတော်မူ ။
သံသရာ ဘုံတကွေ့မှာ
ကံကြမ္မာ ဆုံသရွေ့ပေပေါ့
ထုံမွေ့သမျှ အချစ်ရက်တလျှောက်
ဂုဏ်ဓလေ့က ရစ်ပတ်နှောက်တော့
စစ်မက်ရောက်တဲ့ ကိုယ်တို့ကမ္ဘာ
ငိုဖို့သာ အသည်းချင်းထပ်မိသလား
နှစ်ကိုယ်တို့မှာ လွဲခြင်းကပ်ငြိသလား
အက်သည့် နှလုံးသား မောဟလှိုက်လို့
နတ္ထိ အရှုံးသမား လောကအမိုက်မှာ
သောကမြိုက်ဆူ ... ။
ဟိုယခင် အတိတ်ရက်နန်းမြေက
နှစ်ကိုယ်ကြင် အိပ်မက်ပန်းတွေလည်း
အဆိပ်တက် နွမ်း ... နွမ်းသွေ့လို့
အရိပ်ပျက်စခန်း ... ကျွမ်းမြေ့မြို့မှာ
အနမ်းငွေ့တို့ တောင့်တရင်း
အလွမ်းနေ့ တထောင့်တညခင်းနဲ့
စောင့်ရခြင်း ရှိပါမူ ...
မပြည့်ရှာသူ စိတ်မှာအရှုံး
ဪ ...
မိစ္ဆာလူ အဝိဇ္ဇာဖုံး ။
အပြုံးများဆင် ...
နှလုံးသားပေါ် ခြေတော်တင်ပြီး
ရုန်းသွားနော် တမေပျော်လျင်ပဲ
ဪ ... သခင် စိမ်းသူကြီးရယ်လို့
အထီးကျန် ဘဝသမားပေမို့
အကျည်းတန် တစ စကားမခြွေရဲပါဘူး
နွေထဲမှာ လန်းစွင့်မြူးတဲ့
ကြွေရဲရာ ပန်းပွင့်ဦးမို့
မြေငရဲရွာ နွမ်းရင့်ကူးလည်း
လှမ်းလင့်အခူး မခေါ်ထိုက်မှ
နန်းမြင့်အဦး မျှော်မစိုက်လိုဘူး
ဖော်မကိုဋ်သခင် သင်မြန်းကြွရာ
ရင်ကျွမ်းဘဝကဗျာ ရှိုက်ငေးရီရင်း
အမိုက်တေးပန်းချီ ကမ်းလင့်ဆွေးကာ
လွမ်းခွင့်ကလေးသာ သိမ်းရစ်ချင်ရဲ့
သူစိမ်းအဖြစ်ပင် သက်ဘဝဆုံးစေပေါ့
ကိုယ်ကတော့ ... အမျက်မရှ , မမုန်း ။
- မင်းခသူ