မလိဆန်ပန် ၊
မေတ္တာတွေနဲ့ မြစ်ဖျားခံလို့
မြစ်တစ်မြစ်ဆန်တဲ့ ကောင်မလေး
ကမ္ဘာကြီးရဲ့ကျန်းမာရေးကို ကုသဖို့
သူနာပြုလုပ်ခဲ့သတဲ့လား မလိဆန်ပန် ။
'' အင်း ... ဟုတ်တယ်
ကျွန်မတို့ကမ္ဘာကြီးရဲ့ ကျန်းမာရေးဟာ
မွေးကတည်းက ၊ ချူလိုက် ချာလိုက်လူတွေကြောင့်
ချူချာတယ်
ချူချာတယ် ၊ ကမ္ဘာကြီးရဲ့ သာရေး နာရေးဟာ
ကျွန်မ သာရေး နာရေးပဲ
ဆေးရုံကုတင်ပေါ်က ကမ္ဘာကြီးနဲ့
ဆေးရုံကုတင်ပေါ်က နိုင်ငံတော်ရဲ့
ယမ်းငွေ့တထောင်းထောင်းထနေတဲ့ မြို့ထဲက
အကြောင်းတရားများစွာနဲ့ ကျွန်မခုန်ထခဲ့ပေါ့
တစ်ခုသော ၁၉၉၃ မှာ ။
အိုး ...
အောက်ဆီဂျင်ဓာတ်ဆိုတာ မရှိ
ကာဗွန်ဒိုင်အောက်ဆိုက် အတိနဲ့
ဂြိုလ်သားအတ္တတွေပိနေနဲ့ မြေဟာ
ကျွန်မကို မေတ္တာဓာတ်လေးကပ်ပေးလိုက်တယ်
ကျွန်မကို မိခင်စိတ်ကလေးရိုက်ထည့်ပေးလိုက်တယ်ပေါ့
ကျွန်မကို သူနာပြုကောလိပ်ပို့လိုက်တယ် ။
ကြမ်းတမ်းမှုတွေ ၊ ဆင်းရဲမှုတွေ ၊ ဝမ်းနည်းမှုတွေ
ကျွန်မအပြုစုခံဖို့် ရင်နင့်စရာ အဆင်သင့်ကြိုလို့ ...
ဘုရားသခင်အလိုတော်အတိုင်းပါပဲလို့
ကျွန်မမိဘတွေက ပြောတယ်
ကချင်မြေက ပြောတယ်
တောင်တန်းတွေက ပြောတယ်
မေခ ၊ မလိခက ပြောတယ်
ဧရာဝတီက ပြောတယ်
ယမ်းခိုးဝေနေတဲ့ မျက်ဝန်းတွေက ပြောတယ်
ပြတ်သွားတဲ့ ခြေတွေ လက်တွေက ပြောတယ်
ပျောက်သွားတဲ့ အသက်ဓာတ်တွေက ပြောတယ်
ပြဲသွားတဲ့ နှလုံးသားတွေက ပြောတယ် ။
ပြောတယ် ၊ ဘုရားသခင်အလိုတော်အတိုင်း
ကျွန်မလို ပန်းပွင့်ရိုင်းလေးတွေ ဘာတတ်နိုင်မလဲ
ဘာတတ်နိုင်မှာလဲဆိုပြီး တတ်နိုင်သမျှ ခုန်ထ
ဟောသည် စကြ၀ဠာကြီး ကျွန်မအကြွင်းမဲ့ရတယ် ။
ကျွန်မက
လောကကြီးကို အိမ်မက်ထဲထည့်ထားမှာမဟုတ်ဘူး
ကျွန်မက
လောကကြီးကို ရင်ဘတ်ထဲထည့်ထားလိုက်တာပဲ
ကျွန်မဟာ ဗြဟ္မစိုရ်တရားနဲ့မောင်းနှင်ထားတဲ့
ဆေးဝါး စက်ရုပ်တစ်ရုပ်ပဲ
ကျွန်မနှလုံးသားကို ရှင်တို့ ကိုယ် , စိတ်နှစ်ပါးလုံးအပေါ်
အဆုံးအစွန်ဆုံး မောင်းဖြုတ်ချထားပြီးသားဖြစ်တယ် ။
ဘယ်လို စေတန်အငြိုးတွေလဲ
ဘယ်လို လူသားမဆန်လိုက်တဲ့ရက်စက်မှုတွေလဲ
ဘယ်လို ကောက်ကျစ်စဉ်းလဲတဲ့ အပြုံးတွေလဲ
ဘယ်လို ရဲစွေးနီမောင်းနေတဲ့ဆည်းဆာများလဲ
လောကကြီးပေါ် ကျွန်မတစ်ဘဝလုံးပုံအပ်ခဲ့သမျှ
လောကကြီးပေါ် ကျွန်မနှလုံးသားနဲ့ယုယဖူးသမျှ
အတ္တမူးနေတဲ့ဓားချက်တွေက
ကျွန်မပြန်ရလိုက်တဲ့ ဆုတော်လာဘ်တော်ပေါ့
ကျွန်မနဲ့ထိုက်တန်တဲ့ ကောင်းချီးသြဘာသံတွေပေါ့
( ဪ .... ) ။ "
မလိဆန်ပန် ၊
မလိခဆန်စွာ ၊ မေခဆန်စွာ ၊ နှင်းပန်းဆန်စွာ
လူမဆန်မှုများစွာရဲ့ သားကောင်ပေမယ့် လူဆန်စွာ
အဝါရောင်ကမ္ဘာကြီးထဲမှာနေရပေမယ့် ဝတ်မှုန်ဆန်စွာ
မင်း မေတ္တာတရားတွေက မွှေးပျံ့နေဦးမှာပါ မလိဆန်ပန်
လူသားမဆန်မှုနဲ့ နိုင်ငံတော်ကြီးရဲ့ကိုယ်စား
အရှက်တရားရှိတဲ့ နှလုံးသားတွေရဲ့ကိုယ်စား
နာဖျားနေဆဲသော မျက်ဝန်းများရဲ့ ကိုယ်စား
မင်းကို ငါတို့တောင်းပန်လိုက်ပါတယ်
မြောက်ဖျားအရပ်ဆီက ဓူဝံလိုကြယ်ရယ် ...
၁၉ ချက်သောဓားဦးက ၊
ငါတို့ရင်ဘတ်ကိုလည်း စူးစိုက်နေပြီကွယ့် ။
K သူ
Feb 10
2 0 1 7.
Photo Credit : Mali San Pan's Timeline.