စကြဝဠာရဲ့ ဝမ်းထဲက
၁၃ ဂဏန်းကိုထမ်းပြီး သူထွက်လာတော့
သူပထမဆုံးစရှူလိုက်ရတဲ့ လေသန့်ဟာ
ယမ်းနံ့ပဲ ။
ယမ်းနံ့ဟာ ထိုလူသားရဲ့ရင်ဝကို
ဘုန်းကနဲဆောင့်ကန် ၊ အသံနဲ့ခြောက်လှန့်
အနိဌာရုံတွေနဲ့ သူ့ကိုကြောက်လှန့်စေအောင်
ဆီးကြိုလိုက်တယ် ။
ဒါမျိုးလာချိုးလို့ ဘယ်ရမလဲ
အဘိုးက ဗိုလ်မင်းရောင် ၊ အဘက ဦးဖာ
သူပုန်မျိုးကဆင်းသက်လာခဲ့တာ
ဒါမျိုးလာချိုးလို့ ဘယ်ရမလဲ
သူပြောခဲ့သားပဲ မဟုတ်လား
" ကျွန်တော်မှာ ...
သူပုန်လောင်းလေးဖြစ်သည်ကို
ထိုအခါက မည်သူမျှ ထူးထူးခြားခြား
ထည့်သွင်းစဉ်းစားခြင်း မပြုကြချေ " တဲ့
သူပြောခဲ့သားပဲ မဟုတ်လား ။
ငါတို့်အတွက်တော့ ...
မပြောကောင်း ၊ မဆိုကောင်း
သူများမွေးမလာခဲ့ရင်ဆိုတဲ့ သူရဲကောင်း
သူ့နာမည်ကို စာလုံးပေါင်းဖို့တောင်
ငါတို့မှာ ...
နိုင်ငံတော်မြေပုံကို အလွတ်ကျက်ထားရတယ် ။
ကိုလှမြိုင်ကမှ
ဗမာပြည်ကို လှည့်ကြည့်ဖော်ရသေးတယ်
သွေးအေးတဲ့ခင်ဗျားက ဦးလည်မသုန်
ဟိုင်လီပေါ်တက်သွားလိုက်တာများ
အမွိုင်ရောက်တဲ့အထိပဲ ...
လူရိုင်းကြီး
လူရိုးကြီး
လူအေးကြီး
လူမှန်ကြီး
လူ့ဂွစာကြီး
လူညိုကြီး ခင်ဗျားရင်ဘတ်ထဲမှာ
ဘာတွေများရှိနေသလဲ ။
" ငါ့အား ဖုံးလွှမ်းထားသော
လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍
အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူးတင်၏ " တဲ့
ခင်ဗျား သိပ်အသည်းမာခဲ့တယ်
သိပ်အသည်းမာလို့ ကြိတ်ခွဲခွာခဲ့ရတဲ့
ဗမာပြည်
အဲဒီအချိန်ကများ နောက်လှည့်ကြည့်မိရင်
မျက်ရည်တွေက ခင်ဗျားကိုတားမှာမို့လို့လား
ဟင် ... ။
တကယ်လို့များပေါ့ ...
ဘန်ကောက်က ဦးလွန်းဖေအိမ်မှာ
ခင်ဗျားတို့် နတ်သူရဲသုံးကျိပ်များ
လက်မောင်းသွေးဖောက်မသောက်ခဲ့ရင်
ခင်ဗျားဗမာပြည် ခုချိန်ထိ
ငါးပါးမှောက်ချင် မှောက်နေဦးမှာ
ကျုပ်တို့ဟာ ခင်ဗျားလှန်ခဲ့တဲ့
ဖဲချပ်တွေပါ ။
" လောကဓံတရားတို့၏
ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း
ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏
ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ... ဦးခေါင်းသည်
သွေးသံတို့ဖြင့် ရဲရဲနီ၏
ညွှတ်ကား မညွှတ် " တဲ့
ခင်ဗျား ဦးခေါင်းတွေများညွှတ်ခဲ့ရင်
မလွတ်လပ်ခြင်း ငရဲဘုံမှာ
ကျုပ်တို့ ခုထိကျွန်နန်းစံရဦးမှာ ။
ဆာစတက်ဖို့ဒ်ကရစ်ပ်ရဲ့ အိတ်ထဲက
ဘောပင်ကိုများ ခင်ဗျားလုယူမပြခဲ့ရင်
ခုချိန်ထိ ကျုပ်တို့အိမ်မက်တွေကို
ပြန်လုယူချင် ယူနေရဦးမှာ
မစ္စတာ Omoda ရဲ့ ။
နေရူးပေးတဲ့ ကုတ်အင်္ကျီကြီးသာ
ခင်ဗျား ခေါင်းခါငြင်းဆန်လိုက်ရင်
ခုချိန်ထိ ကျုပ်တို့ညအမိုက်တွေနဲ့
အရိုးခိုက်ချင် ခိုက်နေရဦးမှာ
ဗိုလ်တေဇရဲ့ ။
" သုဂတိသို့ သွားရာတံခါးဝသည်
မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုဒ်၌ ...
ငါ့အပြစ်တို့ကို ၊ မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ...
ငါကား ဂရုမပြု ၊
ငါသာလျင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း "
ဆိုပြီး ...
ခင်ဗျားရင်ထဲမှာတောက်နေတဲ့ မီးကို
ခင်ဗျားနှလုံးသားနဲ့ ရှို့လို့
စောက်ကျင့်တွေပြင်ကြဖို့် အလင်းပြ
ခင်ဗျားခန္ဓာကိုယ်ပေါ်က ခွေးသွားရာ
၁၃ ချက်က ခင်ဗျားကိုလုသွားတယ် ။
အနာဂတ်ရဲ့
ဟင်္သာကိုးသောင်းဇာတ်ထဲမှာပါ
စောက်ကျင့်တွေကို ကျောင်းစာလို
ကျက်မှတ်နေကြတုန်းပါ
ခင်ဗျားကို ကိုက်ခဲ့တဲ့ခွေးလိုကောင်တွေလဲ
ဖာဇာတ်ကို သယ်ဆောင်ကပြနေကြတုန်းပါ
ဘုရားလို ခင်ဗျားပွင့်ပြီးနောက်
၁၀၂ နှစ်မြောက်မှာ ... ။
မင်းခသူ
Feb 13
2 0 1 7.
ကဗျာနှင့်ရွတ်ဆိုခံစားမှု - မင်းခသူ
စန္ဒရား - ဂီတလုလင် မောင်ကိုကို
Download mp3 file > http://www.mediafire.com/file/v69j6w37hklnb70/General_AS.mp3