နွေကဗျာဦး ၊ ရွှေဝါလူးသည့် ၊
တစ်ဖူး တစ်ပွင့် ၊ ကူးအဆင့် ငုံ ၊
ကျူးရင့် ထုံမွှမ်း ၊ နွေဘုံနန်းမှ ၊
လန်းမြ ထည်ဝင့် ၊ တယ်ကာ တင့်၍ ၊
အမြင့် ယှက်မှီ ၊ ပွင့်ဖတ်သီကာ ၊
ရွေညီလာခင်း ၊ ပဏ္ဏာနှင်းသို့ ၊
ဝင်းပ နယ်လုံး ၊ မြဂမုန်းတောင် ၊
လှထုံးနှောင်ချည် ၊ ငွေရောင်ခြည်သွန်း ၊
တောင်ကတ္တီကျွန်းယံ ၊ အလွမ်းသံပါး ၊
နန်းဆန်အားပေ ၊ တစ်ကိုယ်ဖြေခက် ၊
ကေခိုင် သက်ဦး ၊ ရှောင်သွေဖူးကြောင့် ၊
လေရူးနှောင့်ကာ ၊ ဆောင်ကျဉ်းလာလျင် ၊
ဗျာပါ စိတ်ပမ်း ၊ ထိတ်ထိတ်နွမ်းသည် ၊
ငယ်ကျွမ်း မောင့်ကို စိမ်းတကား ။ ။
ငွေဇလာဦး ၊ ရေလွှာမြူးသည့် ၊
ထူးဘိ နဒီ ၊ ပြာလဲ့ရည် လှိုင်း ၊
ဘော်ခြည်ဆိုင်းသွဲ့ ၊ မှိုင်းနွဲ့နွဲ့ခွေ ၊
သိုင်းဖွဲ့ ဝေစီ ၊ ရွှေဖီ အင်ကြင်း ၊
ပွေလီ ဆင်းစုံ ၊ ဘရဂုဏ်ကြယ် ၊
မြဘုံလယ်စိုး ၊ ကံ့ကော်နှိုးခတ် ၊
မိုးတံလျှပ်အိမ် ၊ ဖိတ်ဖိတ် စိန်စီ ၊
ထိန်ထိန်ကြည်ရွှန်း ၊ သော်တာဝန်းနှင့် ၊
ချစ်ခွန်း ဆင့်ခြွေ ၊ သဲပုံစေတီ ၊
သောင်ခြေတည်ဖူး ၊ သစ္စာကူးယှက် ၊
ချစ်ဦးသက်၏ ၊ စကားရှိကြောင်း ၊
မသိကောင်းသူ ၊ သိကောင်းဟူ၍ ၊
တောင်းယူခြွေမှန်း ၊ ဆယ်နွေနန်းဝယ် ၊
ရွယ်တမ်း စောင့်ကြို ကိန်းတကား ။ ။
ဝေဒနာဆူး ၊ သွေခွာဖူးသည့် ၊
ကြာခြူး ပဒုမ် ၊ လမင်းငုံကို ၊
ရှိစုံ ညွတ်တွား ၊ ဘုံထွဋ်ဖျားမှ ၊
သနားငဲ့ညှာ ၊ မြင်လှည့်ပါဟု ၊
သိင်္ဂါ စောင်းညှင်း ၊ တောင်းပန်နှင်း၍ ၊
ကွေကွင်း ဝဋ်ကံ ၊ လွတ်မည်ကြံရုန်း ၊
ရည်သန် ဘုန်းမှာ ၊ ရှုံးကြမ္မာ ငြိ ၊
ပုန်းရှာသည့် ခင် ၊ တွေ့လိမ့် မြင်နိုး ၊
ဘဝင် ညှိုးကြွ ၊ မိုးအဇဋာ့နှင့် ၊
ပထဝီကြား ၊ ကေသီထားရက် ၊
စိမ်းကားမျက်နှာ ၊ မြပုဏ္ဏမာ သို့ ၊
မေတ္တာမြို့တွင် ၊ မုန်းညှို့ဆင်၍ ၊
သခင်မဲ့ နန်း ၊ နှင်တဲ့လမ်းမှာ ၊
ဖယ်စမ်း မောင့်ကို ကြိမ်းတကား ။ ။
မင်းခသူ
Feb 26
2 0 1 7.