မဟာ မီး



တရံရောအခါက လမင်းကိုငေးရင်း
ထမင်းဆီဆမ်း ရွှေလင်ပန်းရလိုသည့်
ကလေးသူငယ်သည် ...
နောင်အခါ နေရောင်တွေနဲ့မှောင်မိုက်ရမည်ဟု
ဘယ်သူတွေများ ကျိန်စာပြုလိုက်ကြသနည်း ။

ပန်းကလေးများ၏
သဘော သဘာဝကို မသိကျွမ်းဘဲ
မျက်မှန်းတန်းမိရုံကလေးနှင့်ပင် ၊
ရင်ခွင်တစ်ခုလုံး မွှေးမြ၍မဆုံးတော့ ။

ကျွန်တော်ချစ်မိ ၊ အပြစ်ရှိကြောင်းကိုတော့
ဘုရားသခင်ရှေ့တော်မှောက်တွင် ...
ဒူးထောက်၍ ဝန်ခံလိုက်ချင်သည် 
အို ... အရှင် 
ကျွန်တော်ကား
ဇက်ကောင်း၍ ဓားတောင်းသူမဟုတ်ချေ
အလွမ်းရွာက ၊ ပန်းပွင့်ဆာလောင်သူသာဖြစ်ပေ၏ ။

သူနှင့်တူပါသည်ဟု ... 
စက္ကူပေါ်က စံပယ်အတုများကို နမ်းမိခြင်းသည်
သံ​ယောဇဉ်​ငြိယှက်ခဲ့သည့် ဓားတစ်လက်နှယ် ၊
သောကအထပ်ထပ်နှင့် သံချေးတက်ခဲ့ပြီတည်း ။

ငယ်စဉ်တောင်ကျေးဘဝက
ဆာလောင်မွတ်သိပ်မိသော လရောင်များ
သံသရာတခွင်တပြင်လုံး ယိုစီးကျနေဆဲ ။

အိမ်မက်လှလှမက်လိုသူအဖို့
လောကဓံလှလှဖြင့်သာ ထိုက်တန်နိုင်ပါလိမ့်မည်
ကျွန်တော့်အဖို့ ...
လေးညို့မှလွတ်ထွက်လာသော အနမ်းများသည်
မှုန်ပြာရီညတစ်ညလုံး ကျရှုံးစေမည့်
သူမ၏ ... မျက်စောင်းစိမ်းစိမ်းသာတည်း ။

ထိုသို့ဖြင့် ...
ကောင်းကင်ကို မီးတက်ရှို့မည့်
ကျွန်တော်နှင့် သူရဲကောင်းတချို့၏ စကားများသည်
သူမ နှင်းဆီနှုတ်ဖျားဝယ် ...
အဘယ်ကြောင့်
အကျွတ်တရားနှင့် လွင့်ပါးခဲ့သနည်း ။

ရင်ကော့ ခေါင်းမော့၍ပွင့်နိုင်စွမ်းသည့်
ပန်းကလေးများ၏ အဘိဓမ္မာ
ဘုရားစောင်းတန်းအသွယ်သွယ်ကိုဖြတ်သန်းခဲ့သည်
အစိမ်းရောင်လေညင်း၏ သီချင်း
ဟိုယခင်ကလေးဘဝမှ မွတ်သိပ်ခဲ့ဖူးသည့်
ပရိဒေဝကင်းသော ထမင်းဆီဆမ်း ရွှေလင်ပန်း
ရေအိုင်ကပင် လရိပ်ကို နမ်းခွင့်ရရှိခဲ့သည်
ကျွန်တော်ကား အဘယ့်ကြောင့်ပါနည်း ။

ချစ်ခြင်းမေတ္တာနှင့်အတိပြီးသည့်
နှင်းဆီရောင် ထီးကလေးကား ...
သူမမျက်တောင်တခတ်စာ မြင့်မားလွန်းလှ၏ ။

____________________ ❀ _____________________
မင်းခသူ
5 March
2 0 1 7.