ဆိတ်ကွယ်ရာမရှိတဲ့ အရိပ်တွေ




ဆိတ်ကွယ်ရာမရှိတဲ့ကမ္ဘာမှာ ငါ့ကိုသတိရပါ
တစ်ယောက်တည်းဆိုတာရဲ့ သေချာချက်က
အေးစက်နေတဲ့ ငါ့လက်ဖဝါးပဲဖြစ်တယ်
ကြယ်မဆန်စွာ ၊ မြေပြင်မှာ ငါပြန့်ကျဲနေခဲ့ 
တဖိတ်ဖိတ်လက်နေတဲ့ မျက်ရည်စက်တွေနဲ့
တစ်နာရီနဲ့ တစ်နာရီကြား ညဟာနှေးကွေးလွန်း
လူ့အဖြစ်ကို ရရှိခဲ့ခြင်းဟာ ရှေးဘဝဝဋ်ကြွေးပါ
မင်းမရှိတဲ့ ပြဿဒါးရက်များဟာ သက်သေထူရဲ့ 
တိတ်ဆိတ်ခြင်း ၊ ခြောက်ခြားဖွယ်ကောင်းခြင်း
အမှတ်တရရှိဖူးတဲ့နေရာများကို ငါကြောက်ရွံ့သွားခြင်း
အထူးသဖြင့် စံပယ်တင်မှဲ့ပါတဲ့မိန်းမတွေမြင်ရင်
ငါနှုတ်ခမ်းတွေဟာ အလိုအ​လျောက်​ပြာနှမ်းသွားခြင်း
အဲဒီလိုကို ၊
ငါ ... မီးစာကုန် ဆီခမ်းနေပြီ
လက်ရှိ ငါ့ဝင်သက်တွေဟာ
ငါ့ဘဝရဲ့ နောက်ဆုံးအလင်းမီးကို
ထတောက်ပစ်လိုက်ခြင်းများလား
ပြတင်းခန်းစီးစလေးလှုပ်သွားလိုက်ပုံကလေးတောင်
ငါ့ရဲ့အကြောပေါင်းတစ်ထောင်ကို ချမ်းစေတယ် 
ဘယ်သူမပြု မိမိမှုတွေနဲ့ ငါ့ကိုယ်ငါလုယူထားရတာ
မင်းကိုဆက်ချစ်ဖို့ ငါ့ကိုယ်​ငါ ချစ်လွန်းလို့ပါကွယ်
မင်းဒေါက်ဖိနပ်မှာ ငါကပ်ပါသွားတယ်
မြေမှုန်မြေစတွေလို ၊
ငါဟာ ဘယ်နေရာမှာပျောက်ရှသွားသူလဲ
ငါ့ကိုပြန်လည်တွေ့ရှိရင် ၊ 
သခင်ဆီ ပြန်လည်ရောက်ရှိချင်တဲ့
ကြောင်ကလေးတစ်ကောင်ပါပဲ ။

K သူ
March 6
2 0 1 7.