အို ... ဆည်းဆာ
မီးလိုတောက်စားတဲ့ တိမ်တိုက်ပြာပြာတွေသယ်လို့
ဘယ်သို့ သွားမည်နည်း ။
သက်တံ့တို့ ကော့ပျံကွေးညွှတ်
မုတ်သုန်ဟာ စင်ရော်တောင်ကို စိုစွတ်စေခဲ့ပေါ့
မင်း ... ဘယ်ကလာခဲ့သလဲ ။
ကောင်းကင်ဆည်းဆာ
မျက်ရည်ပြာနဲ့ ပြုလုပ်ထားတဲ့ ၀ိုင်တစ်ခွက်
လောကပေါ် ခပ်ဖွဲဖွဲသွန်းချလျက်ရှိတယ်
ဝတ်ရုံကို ချွတ်ပုံလိုက်ရင်း
ကျော့ကွင်းဆီ တရွေ့ရွေ့ပျံတဲ့
မင်းရဲ့ခရီးစဉ်ကလေးဟာ လှပါလိမ့်မယ် ။
ကြေးနီနဲ့သွန်းထားတဲ့ ယမင်းရုပ်တစ်ရုပ်လို
ငရဲသစ်ငုတ်မှာတင်ထားလည်း မင်း ၊ လှပါလိမ့်ဦးမယ် ။
ငါ့နံရိုးမှာ
တယောကြိုးအထပ်ထပ်နဲ့ ချီပိုးထားတဲ့
ချစ်သော Lavender
ခရမ်းပြာကတ္တီပါစမှာ မင်နဲ့မှတ်ကျောက်တင်ရင်း
ငါ့သီချင်းကို အရောင်တင်ထားတယ် ။
အလင်းလို ...
လကမ္ဘာက လွတ်ထွက်လာတဲ့ အလင်းလို
အကျည်းတန်ချိန်များကို ချိုစေ မြစေ ပျိုနေ လှနေအောင်
လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ချစ်ခြင်းတရားနဲ့
မင်းဟာ ဖန်ဆင်းထားခဲ့တယ် ။
အနိဌာရုံလှလှ
ငါ ... ကြည့်ပါရစေဦး ။
မင့်ရဲ့ မျက်မှောက်ခေတ်မှာ
ငရဲက ကချေသည်တို့ရဲ့တေးများလည်းမေ့လျော့
တစ်စက်ချင်းချိုတဲ့ ၀ိုင်ခွက်တို့ကိုလည်းမေ့လျော့ ၊
တွေ့မယ့် တွေ့တော့လည်း
ဓားအိမ်ထဲကထွက်လာတဲ့ ရွှေပွင့်ဖတ်လို
ရင်သပ်ရှုမောမဆုံး ၊ ရင်ခုန်သံတ၀ုန်းဝုန်းဖြစ်ရ ။
ချစ်သော
ငါ့ရဲ့ Lavender ...
ဘယ်လိုလှပတောက်စားသော ကြယ်စင်ပြာလဲ
အလင်းလွှာအထပ်ထပ်နဲ့ သည်လိုပွင့်တတ်တဲ့
အတတ်ပညာမျိုး ၊ ဘယ်လိုများလှုပ်နှိုးလိုက်သလဲ
ကမ္ဘာသေများ လှုပ်ရှားလွန့်လူးသွားသည်အထိ
ရနံ့တအိအိနဲ့ ရွာချ
ဝိုင်ခွက်များ ချိုလို့ မြလို့ ...။
မြေသားက
ကောင်းကင်ဖျားအထိ
တေးတွေညီးရင်း ပျံတက်သွားမယ့်
နိုက်တင်ဂေးငှက်တို့ရဲ့ ၀ိဉာဉ်ဆန်ဆန်
ငရဲက
နတ်ဘုံနတ်နန်းများအထိ
ကကြိုးတွေယှက်ရင်း ခရီးဆန့်မယ့်
ဖီးနစ်ငှက်တို့ရဲ့ သန္နိဌာန်လိုမျိုး
ရာသီတစ်ခုက
ရာသီတစ်ခုဆီ
ခရမ်းရောင်တွေသွယ်ရင်းတန်းရင်း
ပန်းသီချင်းတွေကိုဆိုတဲ့ ချစ်သူရေ
စောင်းခတ်လက်ဖ၀ါး
ခုနှစ်ပြည်ထောင်သိမ်းမယ့် အလှတရားနဲ့
ကဗျာသမားရဲ့ စိတ်ကိုလည်းသိမ်းသွားစေချင်တယ်
ဓားသွားတွေ စိမ်းလဲ့ပျိုလွင်
လှံတံတွေ သစ်ခက်သစ်ပင်လို
မြားတံတွေ ငုံဖူးသွားသည့်တိုင်
မင်းရဲ့ချစ်ခြင်းတရားတွေကိုင်လို့
ဖန်ဆင်းပစ်လိုက်စမ်းကွယ် ... ။
ဝတ်မှုန် ၀တ်ဆံတွေခိုအောင်းနေမယ့်
ငါတို့ရဲ့ ၀သုန်မြေစောင်းမှာ ...
မင်းအကြောင်း ဘုန်းတော်ဘွဲ့များ
ချစ်ခြင်းတရားနဲ့ သင်ကြားခဲ့ရဲ့ ... ။
ဝိုင်တွေ
အလွမ်းနဲ့ အချဉ်ဖောက်ထားတဲ့ ၀ိုင်တွေ
ရင်ခွင်ဟာအတားဆီးမဲ့ ကွဲဟနေချိန်
မီးတိမ်ထဲက လွင့်ဝဲလာမယ့်နှင်းတို့ကို
မျှော်သလို ...
အနီးဝယ်မရှိသော်လည်း မြင်ရ
မမြင်သော်လည်း အနီးဝယ်ရှိသလိုကြားရ
သုညတ္တအငွေ့အသက်များ
ပွေ့ဖက်ရမည်အထိ သွားနေရဦးမယ်ကွယ် ။
ချစ်သော
ငါ့ရဲ့ Lavender ...
ပန်းသံသရာရဲ့ နာရီလက်တံမှာ
ပြာရီခက်ထန်နေတဲ့ ဂန္ထ၀င်တယောသံတွေ
တစ်စုံတစ်ရာရဲ့ကမ္ဘာမြေကိုပိုင်ဆိုင်စီးမိုးသွားသည့်တိုင်
ယုံကြည်ချက်တွေ မဆင်မခြင်ကိုင်လို့ အဲဒီတယောကို
ငါ ထိုးတယ် ။
နံရိုးမှာ
သံကြိုးများ ချည်တုပ်နှောင်တည်း
ကမ္ဘာဦးဆန်တဲ့ သတို့သမီးကို
ငါ့ရဲ့အိပ်မက်ဥယျာဉ်ပျိုမှာ .....
ရန်ပေါင်းအသွယ်သွယ်ကိုလည်း
ကာဆီးထားချင်တယ် ။
Lavender ရယ် ...
ရာဇ၀င်မှာ ခရမ်းရောင်တောက်သွားအောင်
ကျဉ်းမြောင်းကျယ်ပြန့်ပစ်လိုက်ချင်တဲ့ ညများစွာ
ငါ့မှာရှိတယ် ...
အဲဒီလိုနဲ့ ဘုန်းတော်ဘွဲ့ရင့်ကျူးသောနှုတ်ခမ်းများဟာ
ပျားရည်သုတ်ထားတဲ့ဓားကို ကိုက်ထားတတ်တယ်
မိုက်တယ်လို့ပဲ စွတ်စွဲသွားပါတော့
ပန်းများရဲ့ နာမ်စားရယ် ။
ရေဆုံး မြေဆုံး
ဒဏ္ဍာရီတစ်ဆုံး ခြောက်ခမ်းနေတဲ့
ငရဲဘုံ ငရဲခန်းမှာ ၊ စိတ်ကိုလောင်တဲ့တရား
ဘယ်လိုငြှိမ်းသတ်ရမလဲ ...
ငါ့ကိုယ်ငါ ... လွှင့်မပစ်ရဲဘူး
မျှော်လင့်ချက်နဲ့ သက်ငြိမ်ရခြင်းထက် ၊ ငါ့ကို ခူးပါ
ငါ့ကိုခူးပြီး ငါ့ကိုရှင်သန်ထမြောက်စေပါ
အဲဒါဟာ
ငါ့ကံကြမ္မာလမ်းကြောင်းများပေါ်မှာ ...
မင်းပညတ်တော်မူခဲ့သော အဘိဓမ္မာတရားပဲ ။
သူရူးတွေရဲ့ အော်မြည်တမ်းတခြင်းနဲ့
သူတထူးကို မင်းအကြောင်းတွေပြောပြတဲ့အခါ
တစ်လောကလုံး ငါ့ကိုရယ်ကြတယ်
မှောင်ရီ ၀ိုးဝါး
နှင်းမိုးထားတဲ့ ညများတစ်ရာ
အရာရာ ကြောက်ခမန်းလိလိလှပအေးစက်လို့
သွေးပျက်ဖွယ်ကောင်းတဲ့ ...
ဆောင်းရဲ့အတောင်ပံနှစ်ခြမ်းရိုက်ခတ်ချိန်ထဲ
နှင်းမကွဲသော...
လိပ်ပြာငယ်တဲ့အသည်းဟာ
မာယာမဲ့အပြုံးများစွာ ဆာရဲ့ ။
လဲ့စိမ်းတဲ့ ...
ငြိမ်းချမ်းရေးတေးကို ဆိုပါ ...
ဂျစ်ပစီလူမျိုးတို့ရဲ့ ယဉ်ကျေးမှုကိုလည်း နှစ်မွေ့ပါ
လမ်းတကာမှာပြန့်ကျဲတဲ့ သစ်ရွက်ခြောက်များကို
မလွှဲရှောင်သာ နင်းဖြတ်သွားမိတဲ့အခါ
တမင်တကာ ငါ့ကိုသတိရပေးပါ
Lavender ...
ကျောက်သားက
ပတ္တမြားကို ၊ ကိုက်မြိုထားရသလိုမျိုး
နတ်ဆိုးက
သူယောင်မကို ချစ်မိတာ သစ္စာပါ ။
မွှေးမြတဲ့
တေးည သန်းခေါင်ယံ
နတ်ဆိုးအန်တဲ့ သီချင်းတလွင်လွင်ကိုလည်း
ဖြစ်နိုင်မယ်ဆိုရင် ...
မင်း ... ကြားစေချင်တယ် ။
ကဝေတို့တီးမှုတ်တဲ့ ၊ တေးသရုပ်များ
နားမှာ ... ခါးသက်ပူပြင်းလျက်ရှိတယ် ၊
ကမ္ဘာဦးက
ရွာဖူးတဲ့မိုးရေကို ကန္တာရသစ်ပင်တို့ငတ်မွတ်သလိုမျိုး
အိပ်မက်ကနိုးလာတဲ့ကောင်ဟာ မင်းကိုတောင့်တတယ်။
ငရဲပန်းလည်း
စွဲလမ်းရင် ၊ အသည်းနန်းမှာ ၊ လှလာတာပါပဲ
ငါဖတ်ဖူးတဲ့ ကဗျာတစ်စမှာ ...
" ဘုရားသခင်ဟာ
ကြီးကျယ်သည့် မင်းနေပြည်တော်တို့ကို
ပင်ပန်းငြီးငွေ့တော်မူသော်လည်း ၊
ပန်းကလေးများကို ...
ပင်ပန်းငြီးငွေ့သည်မရှိ " တဲ့ ။
ဆည်းဆာအပြန်လမ်း ...
မိုးကုပ်စက်ဝိုင်းတစ်ခြမ်းလုံး
ခရမ်းရောင်ခြယ်မှုန်းခဲ့တာ ဘယ်သူလဲ
ရင်ထဲ ... ၊ ရက်ရာဇာများရှည်လျားလို့ ။
ဘာပဲဖြစ်ဖြစ် ...
ခရမ်းပြာတစ်ခေတ်လုံး
မင်းကို အချစ်ဆုံးပါပဲ
Lavender
နန်းသုံးမို့ ...
အလွမ်းဆုံးအကြောင်းတွေလည်း
ငါ ... ပြောမပြရဲဘူး ။
သာမန် သာမညရဲ့
ကဗျာမဆန် ကဗျာတစ်စကို
ဘုရားသခင်ကောင်းချီးပေးဖို့ မလိုဘူး ...
ငါ့အတွက် ... လရောင်တွေမလိုအပ်ဘူး ...
လောကဇာတ်ခုံပေါ်တင်ထားတဲ့ ၀ိုင်ခွက်ပေမယ့်
ဘယ်မိန်းမပျိုတို့ရဲ့နှုတ်ခမ်းတွေနဲ့မှ
ယဇ်ပူဇော်မှုတွေမလိုအပ်ဘူး ...
ဒီလို
မာနလေးကိုင်းထဲ ၊ ခရမ်းရောင်မြှားတံ အပြိုင်းအရိုင်းနဲ့
ငါ့သမိုင်းမှာ လေးညှို့တင်ထားခဲ့ပေါ့ ။
ခုလို
ဆောင်းအဆက်ဆက် ၊ နှင်းစက်လက်ည
ကြမ်းခက် အက်ရှတဲ့ အိမ်မက်ကနိုးပြီး
ငါဂစ်တာထိုင်တီးနေတယ် Lavender
ပြာလွင်ကွေးကောက်တဲ့ အလင်္ကာစီးကြောင်းတွေဟာ
သောကကိုပူဇော်ဖြစ်တဲ့ ငါ့မျက်ရည်တွေပါ ။
ဘာမှပိုင်ဆိုင်လိုက်ရခင်မှာ...
အရာရာစွန့်လွှတ်လိုက်ရတဲ့ ဥပဒေသ
ငါ့မှာရှိတယ်
တစ်မျက်နှာလုံးကျိုးကြေပြီးမှ လေတံခွန်ဖြစ်ခဲ့ရတဲ့
ကဗျာစာရွက်တွေဟာ ငါပဲဖြစ်တယ် ။
ခရမ်းပြာတစ်ခေတ်လုံး ၊ လွမ်းနံ့သာရစ်မှုန်းလို့
ပန်းပဏ္ဍာ အချစ်ဆုံး ဘယ်ဆီမှာ - တဲ့
တေးသွားရဲ့ နှောင်ငင်ညှို့စားချက်အောက်
ဒူးထောက် ကြေကွဲ ၊ ဒူး ထောက် ကြေ ကွဲ
ငါ့လည်ချောင်းတွေ တောင့်တင်းအေးခဲနေတယ်
သတ္တိကင်းမဲ့သူ ၊ ယောက်ျားမတန်သူ ၊ စက်ရုပ်လူလို့
ငါ့ကို စွဲချက်ယူပါ ... ။
ငါ ...
မေတ္တာတရားနဲ့ ပဋိသန္ဓေမှာ သေနှင့်ပြီးသား လူပါ
ငါ့ရင်ခွင်ကန္တာရမှာ ပွင့်တဲ့ Lavender ... ။
မင်းခသူ
(Aug 24, 16 တွင်ရေးသားပြီး ယနေ့အဆုံးသတ်သည်)