နေလောင်ဒဏ်တွေနဲ့ မိန်းမ
အို ... အမေ လို့် တ,ရတဲ့အထိပါပဲ
မျက်နှာမှာ ၊ ငါတို့မလိမ္မာမှုကြောင့် ရခဲ့တဲ့
ဒဏ်ရာတွေ ။
စိမ်းညို့နက်မှောင်နေတဲ့ ဆံပင်ကိုဖားလျားချလို့
အရုဏ်ဦးမှာ အားပါးတရအိပ်နေလိုက်တာများ
ပွဲဆက်များထားတဲ့ ဇာတ်မင်းသမီးလို ၊
အို ... မဟုတ်ဘူး ၊ မိစ္ဆာတွေလက်ထဲက
အသက်လုပြေးခဲ့ရတဲ့ ဘုရင့်သမီးတော်လို
အိပ်နေလိုက်တာ ...
သူမ မက်နေတာ
အိမ်မက်ကောင်းတွေလား ၊ အိမ်မက်ဆိုးတွေလား
နှလုံးသားနဲ့ နှလုံးခုန်သံကိုနားထောင်ကြည့်ပါ ။
ဟိုယခင်သူမ,လိမ်းကြံထားတတ်တဲ့ သနပ်ခါးနံ့တွေ
ခုတော့ ဘာကြောင့်များ အပေါစားမိတ်ကပ်နံ့ရနေပါလိမ့်
ရောမရောက်လို့ ရောမလိုကျင့်လိုက်ရတာလား
ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေရတာလား
သူမအနမ်းတွေကြောင့်
ယဉ်ကျေးမှုပန်းတွေပွင့်ခဲ့ဖူးတာ အသေအချာ ။
မသေချာမှုက နံနက်ခင်းလိုလင်းလာတယ်
ရှမ်းရိုးမဆီကမြူခိုးတွေနှိုးမှ သူနိုးတယ်
ဧရာဝတီကိုညှစ်ပြီးတော့ မျက်နှာသစ်တယ်
လဖက်ခြောက်နံ့လေးဟာ သူမကိုယ်သင်းရနံ့ပါ
ကြေးစည်သံလေးတွေက သူမ ပို့ဆဲသော မေတ္တာ ...
ခွေးသွားစိပ်များပေါ် လည်ပတ်နေရရှာတဲ့
သူမ ... နာရီစက္ကန့်တွေဟာ .... ။ ။
K သူ
M 10
2017