၁။
နှုတ်ခွန်းဆက်သလိုက်ပါရဲ့
စိမ်းစိမ်းလဲ့လဲ့ စိမ့်စမ်းရေ ... ။
ရုပ်တဆုံး ၊ နာမ်တဆုံး စိုစွတ်စေတဲ့
မင်းရဲ့ဂီတကို ဦးညွှတ်လိုက်ပါတယ် ။
လာခြင်းကောင်းတဲ့ မင်းဖိနပ်ကိုလည်း
ငါ ... အလေးအမြတ်ပြုလိုက်ပါတယ် ။
ငါ့ထိုက်နဲ့ ငါ့ကံ
မင်းပဲ ချန်ရစ်ခဲ့နိုင်တယ် ။
၂။
အဲဒီလို မင်းပိုင်ဆိုင်ရဲ့မဟုတ်လား
မြေကမ္ဘာတခွင်တပြင်လုံးအပေါ်မှာ
ငါဟာ ... ယိုစီးအိုင်ထွန်းနေဆဲ ။
အဲဒီလို မင်းကျိန်ဆိုနိုင်ရဲ့မဟုတ်လား
သွေ့ခြောက်တိတ်ဆိတ်တဲ့ မြက်ခင်းပေါ်မှာ
ငါဟာ ... တဖွဲဖွဲကြွေသက်နေဆဲ ။
သက်ဦးဆံပိုင် နှုတ်ခမ်းတစ်စုံမှာ
ဝေစမ်းဆို ဝေ ၊ ကြွေစမ်းဆို ကြွေ
ငါ ... အမှုတော်ပြီးမြောက်စေခဲ့တယ် ။
သွားတော့လေကွယ် ... ၊
ငါ့နှလုံးသားနဲ့ အင်ကြင်းပန်းတွေဟာ
ခါချဉ်ကောင်ကင်းစင်ခဲ့တယ်ဆိုတာ ၊ ယုံပါ ။
၃။
မင်းဟာ ... ငါမနမ်းခင် ပျောက်ဆုံးသွားတဲ့မှော်ပန်းလို
ရာဇဝင်အဆက်ဆက် စိမ်းစိုနေတုန်းပဲ
ငါကလဲ ၊ သံသရာအဆက်ဆက်လွမ်းရဲတဲ့
ကဗျာဆရာဖြစ်တယ်လေ ။
စစ်ရှုံးပြီးသေဆုံးသွားတဲ့ စစ်မြင်းတစ်ကောင်လိုမျိုး
အတိတ်ဘဝကို သတိရတိုင်းစီးချင်းထိုးချင်တုန်းပဲ
လွဲချော်ခဲ့သမျှအချစ်ပွဲဟာ ၊ စစ်ပွဲနဲ့ဘာထူးမလဲကွယ်
ဒဏ်ရာဆိုတာ ၊ ငါ့လက်ဖဝါးပေါ်က လက္ခဏာများပါပဲ ။
မီးလျှံတွေက ဓားသွားလှံတံတွေ ကွေးကောက်စသလိုမျိုး
အချစ်ဟာ ယောက်ျားတစ်ယောက်ကို ကွေးညွှတ်စေခဲ့ပြီ
ငါ့ကိုပြာချဖို့် ဘယ်လောက်များမင်းတောက်လောင်ခဲ့သလဲ
ငါ့ကိုပြုစားဖို့ ဘယ်လောက်များမင်းပါရမီဖြည့်ခဲ့ရသလဲ ။
ဘဝဆိုတာ အငွေ့ပျံသွားမယ့် ရေခဲပန်းပွင့်လေးပေမယ့်
ချစ်ခြင်းမေတ္တာနဲ့ ကမ်းလင့်ချက်ကိုတော့ မျှော်လင့်ချင်တယ်
မျှော်လင့်ချက်ဆိုတာ ရုပ်နဲ့နာမ်ကိုတွယ်ဆက်ထားတဲ့
ငွေရောင်တလက်လက် ကြိုးကလေးတစ်ချောင်းဖြစ်ရဲ့ ။
၎။
မင်းသိရဲ့လားကွယ် ...
ကံကြမ္မာမလှသူတိုင်းမှာ အိမ်မက်လှလှလေးတွေရှိတယ်
အဆုံးအစွန်ဆုံး ဆိုးဝါးတဲ့ ရာသီဥတုတွေထဲမှာလည်း
ရောင်စဉ်ခုနှစ်သွယ်စိုရွှဲနေတဲ့ သက်တံ့ကလေးရှိတယ်
ငါ့ရင်ထဲမှာ ... ကဗျာလေးတစ်ပုဒ်သာရှိတယ် ။
အဲဒါဟာ ... ၊ ယမမင်းဆီဖတ်ကြားပြမယ့်
ငါပြုပြုသမျှ ကုသိုလ်လှလှပါပဲ ။
" ငါ့ရင်ခွင်ကန္တာရမှာ ပွင့်တဲ့ Lavender "
" ကိုယ့်ငရဲရွာ ကောင်းကင်သူမလာရ "
" ငါ့ဘဝညများထဲက ပန်းရိုင်းဂီတ " ငါရွတ်ပြချင်တယ် ။
လူတစ်ယောက် ၊ အင်ကြင်းသင်္ချိုင်းကုန်းတစ်ခု
ခြောက်ခြားဖွယ်ဘဝကို ကဗျာမှုပြုနေမယ် ၊
မင်းနာမည်တစ်ကြောင်း ၊ ကျမ်းဟောင်းတစ်စောင်
နွေခေါင်ခေါင်မှာ မိုးသက်လေနံ့ကလေးရတယ် ၊
လူအဖြစ်ကိုရောက်ရှိခဲ့ခြင်းဟာ ၊ ငါ့အပြစ်ပါပဲ ။
သွားတော့လေကွယ် ၊ ဒါမှမဟုတ် သွားတော့မယ်ကွယ်
ကံမကုန်ရင်ပြန်ဆုံကြဦးမှာဆိုပေမယ့် တို့အိမ်မက်တွေ
ကံတော်ကုန်သွားပြီ မဟုတ်လား
မင်းကမ္ဘာနဲ့မင်းဟာ ၊ ရွှေလက်တွဲလို့ မြဲမှာပါ
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ၊ စူးစူးဝါးဝါး ငါကျန်ရစ်ခဲ့ဦးမယ် ။
၅။
ဘာအကြောင်းနဲ့ဖြစ်ဖြစ်ပါ
ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်ပေါ့
နာကျင်ရပါတယ် ...
ဘယ်နတ်သမီးမှ လာမကယ်လည်း
ဒီသမုဒ္ဒရာကို ကူးရမှာပါပဲ
ဝဋ်ကြွေးဟာ အဲဒီလိုပြာလဲ့စွာ ကျယ်ပြန့်နက်ရှိုင်းတယ် ။
ပန်းလှေပုံပြင်လေးတွေ ကြားချင်တယ်
ပန်းကလေးတွေရဲ့ နောက်ဆုံးစကားဟာဘာဖြစ်မလဲ
နားမထောင်ရင်တောင် ၊ မလှောင်ရယ်လိုက်ပါနဲ့
" ခရောင်းလမ်း ၊ ခရမ်းပြာ "
တချိန်က အမှန်တကယ် ကြွေ .... ခဲ့ပါတယ်
တချိန်က အမှန်တကယ်လည်း ဝေ ... ခဲ့ပါတယ် ။
ရာဇဝတ်သားတစ်ယောက်အတွက်
တောင်စွယ်နေကွယ်ချိန်ဟာ သိပ်ကိုမြန်လွန်းရဲ့
နန်းတော်ရင်ခွင်က ရွှေမင်းသမီးရဲ့အပြုံးဟာ
အာဏာပါးကွက်သားဆီက လက်သုံးဓားကို
ပိုမို ထက်မြစေတယ် ...
ဘယ်တုန်းကမှခေါင်းမမော့ခဲ့သူ၊ ငါခေါင်းငုံ့လျက်ကွဲ့ ။
နှုတ်ခွန်းဆက်သလိုက်ပါရဲ့
စိမ်းစိမ်းလဲ့လဲ့ စိမ့်စမ်းရေ ... ။
ရုပ်တဆုံး ၊ နာမ်တဆုံး စိုစွတ်စေတဲ့
မင်းရဲ့ဂီတကို ဦးညွှတ်လိုက်ပါတယ် ။
လာခြင်းကောင်းတဲ့ မင်းဖိနပ်ကိုလည်း
ငါ ... အလေးအမြတ်ပြုလိုက်ပါတယ် ။
K သူ