ဟန်နီ - ကဗျာစု



ဟန်နီ - ၁
_________


စိတ်ချင်းတောင်မပေါင်းလိုက်ရဘဲ
ကိန္ဒရီ ကိန္ဒရာချောင်းကလေးခြားသွားတယ် ။


ဒီရုပ်ရှင်အစအဆုံး ကိုယ်ခေါင်းငုံ့နေတဲ့အကြောင်းကတော့
မင်းလက်ချောင်းမှာ လက်စွပ်ကလေးရှိနှင့်နေလို့ပါပဲ
ပြိုကွဲပြီးတဲ့တိမ်တွေ ထပ်မံပြိုလဲရတာဟာ
ပြိုကွဲခဲ့လို့ပါ - တဲ့ ။

စက္ကူစွန်ကလေးတွေခေါက်တယ်
မထိုက်တန်တာကို ရည်စူးပြီးလွှတ်ပစ်လိုက်တယ်
တကယ်လွတ်ထွက်သွားတာကလည်း ကိုယ်ပါပဲ
မထိုက်တန်တာတွေပဲ ကြွင်းကျန်ခဲ့တယ် ။

ဟိုမှာ သည်မှာ ၊ ကြယ်ကလေးတွေကြွေကျတဲ့အခါ
မုဒိတာပွားစရာမျက်ရည်စက်တွေပဲ ကိုယ့်မှာရှိတယ်
ခွင့်လွှတ်ပါ ...
လူသားချင်းစာနာထောက်ထားမခံရတဲ့အခါ
လူ့လောကထဲမှာ ကိုယ်မပျော်ရွှင်တော့ဘူး
ပျော်ရွှင်ဖွယ်ကောင်းတဲ့ အကြောင်းအရာတွေလည်း
ကိုယ့်ဆီမှာ မကျန်​​တော့ဘူး ။

လမ်းတစ်လမ်းပေါ် တစ်ယောက်တည်းလျှောက်ရတာ
ကုသိုလ်ကံမကောင်းလို့ပါ လို့ပဲ ... ကိုယ်ထင်တယ်
ဒီလိုနဲ့ပဲ ... ကိုယ်ဟာ လူ့လောကကြီးအတွက်တော့
စန္ဒရားပေါ်ဖြတ်ပြေးမိတဲ့ ကြောင်တစ်ကောင်ပေါ့ ...
လေတံခွန်ကြိုးပေါ်လိုက်ပါနားခိုမိတဲ့
ပုစဉ်းရင်​ကွဲတစ်ကောင်ပေါ့
ညီးငွေ့ဖွယ်ကောင်းတဲ့ သီချင်းအဖြစ်
မင်းတို့ရဲ့ ရာဇဝင်မှာ ... ကိုယ်ကြွင်းရစ်တယ် ။


ဟန်နီ - ၂
_________


ကိုယ်ဟာ တခါသေဖူး
ပျဉ်ဖိုးနားမလည်တဲ့ ကောင်ပါပဲ 
အရှုံးထဲမှာပဲ ထပ်ကာ ထပ်ကာသေချင်နေတယ်
အဲဒီလိုနဲ့ ပြန်မလာတော့တဲ့လမ်းတွေကို စောင့်စားခဲ့
အဲဒီလိုနဲ့ တရံရောခါတွေဆီ လှမ်းငေးမောခဲ့ 
အဲဒီလိုနဲ့ ...
အဲဒီလိုနဲ့ ...
ဆုတောင်းစကားနဲ့ ဘုရားပန်းခြောက်တွေဟာ
အမှိုက်ခြင်းကလေးထဲမှာ ဝေဆာနေခဲ့တယ် ...
ကျားသေကို အသက်သွင်းတယ်
အတူနားထောင်ဖူးတဲ့သီချင်းတွေဟာ
ပစ္စုပ္ပန်မှာ မသာယာနိုင်ဆုံးအသံတွေပါပဲ
မင်းမသိနိုင်ဘူး ဟန်နီ ၊
မင်းမရှိတဲ့နေရာတွေဆီ လိပ်မူပြီး
ဘဝတစ်ခုလုံး စာတိုက်ပုံးကလေးထဲထည့်ထားရတာ
ဘယ်လောက်တောင် ရယ်စရာကောင်းလဲ
ဒါပေမယ့် ကိုယ်ပျော်ရွှင်နေတဲ့အကြောင်း
ကိုယ့်​ကိုယ်​ကို မုသာဝါဒကျူးလွန်နေရတာလည်း
ဘယ်လောက်တောင် ပျော်စရာကောင်းလဲ
မင်းမသိနိုင်ဘူး ဟန်နီရယ် ၊
ချစ်ခြင်းမေတ္တာတွေ ပိုလျှံနေတဲ့သူဟာ
ဘာမှမကျန်တော့တဲ့အထိ ပေးဆပ်ရသတဲ့
မင်းကို ဆုံးရှုံးလိုက်ရတဲ့အထိ ကိုယ်ကလည်း
ပိုလျှံနေလေ့ရှိတယ် ... ။


ဟန်နီ - ၃
________


ခရမ်းရောင်အဆင့် အန္တရာယ်ရှိတဲ့
သတိရခြင်း ညချမ်းကလေးများထဲ
တစ်ယောက်တည်း ဖြတ်သန်းရပြီ ။

ဉာဥ့်ငှက်တွေသာမက်လေ့ရှိတဲ့ ...
ပန်းနုရောင်နံနက်ခင်းအိမ်မက်တွေဟာ
မင်းပါပဲ ၊
ဆည်းလည်းကလေးများကို ပွတ်သပ်နေလေ့ရှိတဲ့
နွေဦးလေပြည်ညင်းဟာလည်း
မင်းပါပဲ ၊

ကြေကွဲစရာဟာ ကြေကွဲစရာမကျန်သူဆီ
ကံတရားသဖွယ်ဆိုက်ရောက်လာတဲ့အခါ
အဲဒီကြေကွဲစရာ ၊ ငါ့လိပ်ပြာကိုလုယူနေရဲ့
အဲဒီကြေကွဲစရာ ၊ ငါ့ခန္ဓာကိုညှင်းပမ်းနေရဲ့
အဲဒီကြေကွဲစရာ ၊ ငါကိုယ်တိုင်ပဲ ဖြစ်နေရဲ့

လူသူကင်းမဲ့တဲ့လမ်းကလေးလို
ခြောက်ကပ် တိတ်ဆိတ်နေတဲ့
ငါ့နှလုံးသားတစပြင်သုဿာန်ထဲမှာ
နာမည်နှစ်လုံးနဲ့ မှတ်တိုင်ကလေးတစ်ခုသာ
လှုပ်ယိမ်းကျန်ရစ်ခဲ့တယ် "ဟန်နီ" ။

မင်းမက်လေ့မရှိတော့တဲ့ အိမ်မက်လေးတခု
မင်းငေးမောလေ့မရှိတော့တဲ့ လရောင်
မင်းမဆာလောင်တော့တဲ့ အနမ်း
မင်းမလွမ်းတော့တဲ့ ငါတို့ရွှေရောင်ညတွေ
ထိုနေရာ ၊ ထိုမြေသားပေါ်မှာ ငါမတ်တပ်ရပ်နေဆဲ ။

မင်းပြောကြားပါ ၊ မင်း .... ပြောကြားလှည့်ပါ
မင်းလျှောက်လှမ်းနေတဲ့ ပျားရည်လမ်းဟာ ...
ဘယ်လောက်ချိုမြိန်သာယာနေမလဲဆိုတာ
ချစ်သောနားနဲ့ ကြားလိုတယ်
မင်းဂရုစိုက်ပါ ၊ မင်းကိုငါဘယ်လောက်ဂရုစိုက်တယ်ဆိုတာ
တနေ့မျှမနာကျည်းလေ့ရှိတဲ့
ငါ့ရင်ခွင်အသိပါပဲ ။

ဒါ ... သူရူးဆန်ကောင်းဆန်နေလိမ့်မယ်
ဒါဟာ သူတထူးတို့မရူးသွပ်နိုင်တဲ့
ရူးနေတဲ့တယောတလက်ရဲ့ သစ္စာတရားပါပဲ

ဘယ်လိုပျော်ရွှင်မှုကမှ ဖျော်ဖြေလို့မရတဲ့
ခရမ်းရောင်ဂီတရဲ့ ဝမ်းနည်းကြောင်းတွေထဲ
မင်းပျော်စေကြောင်း ငါဆုတောင်းနေမယ်

မင်းကို ငါချစ်တယ်
အဲဒီလို စိတ္တဇဆန်တယ်
မင်းအန်ချလိုက်တဲ့ ပန်းသီးတစ်ခြမ်းသဖွယ်
ငါ့ရဲ့သောကလမ်းပေါ်မှာ
စံပယ်တင်မှဲ့နဲ့ မင်းနှုတ်ခမ်းတစ်စုံကို
လွမ်းဆွတ်မှုန်ဝေနေရဦးမယ်ကွယ် ။


ဟန်နီ - ၎
________


အိမ်မက်ကမ်းစပ်မှာ
ယုံကြည်ချက်တွေ ဖန်ပုလင်းထဲထည့်

........................ မျှော
........................ မျှော် ။

ဆည်းဆာကလေးကို
ရင်ဘတ်မှာ ကော်နဲ့ကပ်ပြီးနောက်
....................... ငေး
....................... ငို ။

ဆည်းဆာထဲမှာ ဖန်ပုလင်းကလေးတစ်လုံး
ဖန်ပုလင်းကလေးထဲမှာ ပြန်မရနိုင်တာတွေ
ပြန်မရနိုင်တာတွေနဲ့ နေဝင်သွားပုံကလေးဟာ
နေဝင်သွားပုံနဲ့မတူဘဲ ဝဋ်ကြွေးဆန်လွန်းတယ် ။
ရနိုင်မယ်ဆိုရင် ... ၊
တစ်ယောက်တည်းလွမ်းဆွတ်နေရမယ့်
ဝဋ် ကို အကြွေး ... ထားလိုက်ချင်တယ် ။

အကြာကြီး ကျဉ်းကြပ်နေခဲ့
အလင်းရဲ့ လွတ်လမ်းကနေ
ကွေးကောက် ကြမ်းကြုတ်တဲ့
လရောင်ရဲ့ လောင်မြိုက်မှုဟာ
............................................
လာရာလမ်းတွေ ကျိုးကြေစေခဲ့ပြီ ။

တကမ္ဘာဆီကနေ တကမ္ဘာဆီကို
တနာရီလောက်နဲ့ မင်းပြန်လာနိုင်စွမ်းပါတယ်
အနမ်းတွေ
နှောင့်နှေးခြင်းနဲ့
ပန်းကလေးများစွာကို ငိုကြွေးစေသူရယ် ။

နွေဟာ နှင်းတွေကို အကုန်ယူသွားပြီ
ငါကရော ၊ မင်းဆီမှာကျန်သေးရဲ့လား
ဘာမှမကျန်ခြင်းကလွဲရင် ဘာမှမကျန်တော့သူ
သင်္ခါရတရားဟာ သင်္ခါရနဲ့လွတ်မြောက်နေသလိုပေါ့
အဓိပ္ပါယ်ကလည်း အဓိပ္ပါယ်မဲ့လို့ ... ။

ဟောဒီမှာ ငါရှိမနေဘူး
ဘယ်နေရာမှာ မင်းထားသိုခဲ့သလဲ
ဘယ်နေရာကို မင်းယူဆောင်သွားသလဲ
ငါ့ကိုယ်​ငါရော ၊ မင်းကိုပါ ပြန်လည်တွေ့ရှိလိုရဲ့
ငါ့ကိုယ်​ငါရော ၊ မင်းကိုပါ ငတ်မွတ်ဆာလောင်ရဲ့
ငါ့ကိုယ်ငါရော ၊ မင်းကိုပါ လွမ်းဆွတ်ကြေကွဲမိရဲ့ ။

ငါနှမြောတ,သနေမိတယ် 
ငါမြတ်နိုးခဲ့ရတဲ့ အစိမ်းရောင်ပန်းသီးကလေး
စက်ရုပ်ရဲ့ လက်ခုပ်ထဲမှာပျော်ရွှင်ပါရဲ့လား ၊
ယန္တရား အနမ်းများထဲမှာပျော်ရွှင်ပါရဲ့လား ၊
တစ်ယောက်မှမဆယ်ယူတဲ့ ဖန်ပုလင်းထဲမှာ
အဝိဇ္ဇာဝတ်ရုံတစ်ခုနဲ့ လိုက်ပါစီးမျောနေတယ်
ဘယ်လိုမှော်ဆန်တဲ့ ကံတရားပါလဲ ။

ဘာပဲဖြစ်​ဖြစ်​ပေါ့
ဘာပဲဖြစ်​ဖြစ်​ပေါ့ ... ဟန်နီရယ်
ငါဟာ ...
အဲဒီဆုတ်ကပ်ထဲက
ထာဝရ နှုတ်မထွက်ချင်သူပဲဖြစ်တယ် ။


ဟန်နီ - ၅
________


ဘယ်ကံကြမ္မာဆီက မင်းကိုလုယူရမလဲ
အနှိုင်းမဲ့ဝေးသွားတဲ့အခါ အရိုင်းစိတ်လေးဝင်လာတယ်

တစ်ယောက်ယောက်က ပစ်ပေါက်လိုက်သလိုလွင့်လို့
တစ်ယောက်နဲ့ တစ်ယောက်အိမ်မက်တစ်မြို့စီ
ဝေးကွာသွားရတဲ့အကြောင်းတွေ 
ဘုရားကျောင်းက ခေါင်းလောင်းသံထဲမှာရှိခဲ့တယ်
ဆုတောင်းတွေမပြည့်တဲ့အခါ
ကြယ်တွေဆီလက်ညှိုးထိုးပြရတာ လွယ်ပါတယ်
ခက်တာက ခတ္တာတွေရဲ့ရာသီထဲမှာကျန်ခဲ့တယ် ။
March လ တစ်လလုံးစာဝါကျင်နေရမယ့်အကြောင်း
နွေဟာ ... ကောင်းကောင်းသိပါတယ်
ဒါပေမယ့် ၊
ချစ်သောစူဠသုဘဒ္ဒါ မလိုချင်တော့တာတောင်
ဟောဒီ အင်ကြင်းပန်းလိုကောင်က
အကြိမ်ကြိမ်ပွင့်ဝေနေတုန်းပဲ ။
ဘယ်လို သံသရာထဲမှာပဲဖြစ်ဖြစ်
တစ်ယောက်တည်းမနေချင်ဘဲ ၊
နှစ်ယောက်တည်းပဲ နေချင်တယ်
ဘယ်လို ကြယ်ကြွေညတွေထဲမှာပဲဖြစ်ဖြစ်
ငါဟာ ဆုနှစ်ဆုကိုပဲအမြဲတမ်းတောင်းဖြစ်ခဲ့တယ်
တစ်ခုက မင်းချမ်းမြေ့စေကြောင်းရယ်
တစ်ခုက ကြယ်တွေနေ့တိုင်းကြွေနေဖို့ရယ်
ဒီလောက်ပါပဲ ...
ငါ့အတွက်တော့ ငါဟာငါနဲ့မဆိုင်ဆုံးဖြစ်တယ်
ငါနဲ့မသက်ဆိုင်သူကိုလည်း အတင်းသက်ဆိုင်ချင်တယ်
ဘယ်ကံကြမ္မာဆီက မင်းကိုလုယူရမလဲ
ဟန်နီ ... ။


K သူ