နွေနှောင်းနိဒါန်း ၊ ကျောင်း၏လမ်းထက်
အနွမ်းရွက်ကြွေ ၊ လွမ်းသက်သေဟု ...
မျက်ရည်ဥတို့ ဆိုပါလျှင် ။
နိဒါန်းနွေနှောင်း ၊ ပန်းတွေကျောင်းတော်
အပေါင်းဖော်လက် ၊ အပျော်ယှက်ဆိုင်
မပျက်နိုင်ဘူး ၊ သက်ပိုင်မှူးရယ်
တစ်ဦးမောင့်မှာ ထင်ဖူးတယ် ။
ရတနာပုံ ၊ ကဗျာရုံ ကျောင်း
ဝသုန်ကောင်းကင် ၊ ပြာမောင်းလွင်လဲ့
သခင်ရဲ့ , အနမ်း ၊ ဆင်တဲ့ ပန်းတွေ
မြန်းကြွေမောင့်ပါး သီဖူးတယ် ။
ရတနာပုံ ၊ ကံ့ကော်ဘုံနား
ယုံသလား ခင် ၊ ပုံပြင် တစ်ရာ
ဒဏ္ဍာရီ , တစ်သန်း ၊ ရာဇဝင်ခန်းဖွဲ့
အနမ်းညာတောင်း ၊ ခင့်မျက်စောင်းကို
ကျောင်းစာအုပ်လို ကျက်ဖူးတယ် ။
ကဗျာစပ်တူ ၊ စာကျက်ကူရင်း
မပူပြင်း နွေ ၊ မသည်းစွေ မိုး
နှင်းဝေတဲ့ ဆောင်း ၊ ပန်းပေါင်းတစ်ရာ
ကျောင်းမှာလမင်း သာဖူးရဲ့ ။
တောင်သမန်အိမ် ၊ ဦးပိန် တံတား
စကား မဆို ၊ အနားခိုမှီ
နှစ်ကိုယ် ရီငေး ၊ ချစ်ရည်သွေးစို
မဝေးလိုဘူး ဆိုသူရေ ... ။
တောင်သမန်မှာ ၊ ဝေဒနာသိုင်း
ရေပြာလှိုင်းထန် ၊ အရိုင်းကံဆိုး
အငြိုး ဘေးကျ ၊ တေးတစ်စချီ
ဝေး ...... ကြပြီလေ ။
ခင်ရေ ...၊
သွားတော့လေနော် ၊ သွားတော့နော်ကွယ် ။
နှောင်းနွေနိဒါန်း ၊ ကျောင်းခန်း တံခါး
ပိတ်သွားပါလေ ၊ ပိတ်ပါလေကွယ် ....
လိပ်ပြာစေစား ၊ နှလုံးသားမှာ
တို့များ အသိ ၊ သတိရရင်
ကာလ ကြာမြင့် ၊ တို့လွမ်းခွင့်မှာ
ကျောင်းဖွင့်နေတာ ထာဝရ ။
မင်းခသူ