ပျောက်ဆုံးနေသော မြို့တော်





နန်းတော်တစ်ဆောင်မှ မတည်ထောင်လိုက်ရခင်မှာ
မြို့တော်ဟာ အံ့သြဖွယ်ရာပျောက်ဆုံးသွားခဲ့တယ် ။

တပြည်သားရဲ့အိမ်မက်ဟာ တစပြင်ပေါ်ခွေခေါက်
အဝေးကြီးကသယ်ဆောင်လာတဲ့ မျှော်လင့်ချက်ဟာ
ဒူးထောက်ကျသွားတယ် ။

လရောင်တွေ အမှောင်ကြီးမှောင်ခဲ့
ကြယ်တာရာတွေ အစင်းစင်းကြွေခဲ့
လောကဟာ တိတ်ဆိတ်ပြာလဲ့နေခဲ့တယ် ။

စောင့်စားတော်မူပါဦး နွေဦးပန်းတွေရယ်
ဂါထာ မန္တရားတွေနဲ့ ကယ်တင်မန်းမှုတ်ဖို့မစွမ်းတဲ့
အသေတခြမ်း ၊ အရှင်တခြမ်းလူရဲ့ ကံကြမ္မာကို
မိုးခါးရေ တစိမ့်စိမ့်စိုပြီးကာမှ
စီရင်လေ ... ။

ဝိဉာဉ်ဟာ မှန်ကွဲစတွေလို လေဟာနယ်မှာမျော
ခြောက်ခမ်းခဲ့သမျှစွတ်စိုဖို့ မျက်ရည်ကို မိုးလုပ်ချိုးရ
တပြည်သားရဲ့ အမိုက်ဆုံးညဟာ ရင်ထဲမှာမှောင်လို့
စက်ရုပ်တွေကသာ သူ့ကိုတပ်ဆင်ပေးနိုင်လိမ့်မယ်
ဘဝကို တိုင်ကပ်နာရီထဲက ခွေးသွားစိတ်များပေါ်
ပစ်တင်ခဲ့ ... ။

အချိန်တန်ပြီ ...
လီလီပန်းများ ရှင်ပြန်ထမြောက်ချိန်တန်ပါပြီ
ပျောက်ဆုံးနေသောမြို့တော်ဆီ ပြန်လည်ဦးတည်ရဲ့
တပြည်သားဟာ တွေးတယ်
လေညင်းပကတိဆို ဘယ်အရာတွေကများ
တိုက်စားနိုင်မလဲ ။


K သူ