လောကဓံအကျဉ်းသား (သို့မဟုတ်) ဖေဖေ
(၁)
တိမ်ကြားကလျှပ်ပန်း လျှပ်နွယ်တွေလို
ဖေဖေ့မျက်နှာပေါ်က ဇရာလမ်းသွယ်တွေ
သားလေးရေ.....သားလေး....
တိုးတိတ်နွေးထွေးတဲ့ ဖေဖေ့ခေါ်သံ
သားရင်မှာ ပဲ့တင်ညံနေပြီဖေဖေ....။
ယနေ့ရဲ့ရန်ကုန်မိုးတွေဟာ
ဖေဖေ့တောင်ယာတောမှာမရွာဘူး
အညာမှာ မိုးခေါင်တယ်သား....တဲ့
ဟုတ်ကဲ့...ဖေဖေ
ဖေဖေ့ချွေးစက်တွေနဲ့
အဲဒီ သီးနှံတွေစိမ်းစိုနေလေရဲ့....။
`` ဖေဖေ့စီးပွားရေး အဆင်မပြေဘူးသား
ဝမ်းရေးကလဲ အဝီစိထက်နက်လေတယ် ´´
လက်မောင်းက ကြွက်သားတွေကလဲ
လျော့လျော့ရဲရဲ....ဒါပေမယ့်
ဖေဖေ့မေတ္တာတွေနုပျိုနေဆဲပါပဲ....။
ယနေ့ရဲ့ ရန်ကုန်မိုးစက်တွေဟာ
ဖေဖေ့မျက်ရည်မှာလာ ရောတယ်။
နှစ်ယောက်သား ဖက်လို့ငို...
ဝမ်းနည်းမှုတွေ အကြိမ်ကြိမ်ပြိုတယ် ။
(၂)
ဖေဖေဟာ ကျွန်တော့်အတွက်
အနန္တထက်ကြီးမြတ်လေတယ်
မေမေရော...ရွာမှာအဆင်ပြေရဲ့လား
မမေးတော့ဘူး....စကားတွေကဆွံ့အ
ညီလေးက ကျန်းမာရေးမကောင်းဘူး- တဲ့ ။
လောကဓံရေ....
အကြွေးရှင်တွေ မျက်နှာသာမပေးနဲ့လေ
ဓမ္မရိပ်မှာ ပျော်နေရမယ့်အချိန်မှာ
ခြောက်ဆယ်ကျော် ဖေဖေဟာ
တောင်ယာထဲမှာရုန်း...အခုတော့
နွားတစ်ရှဉ်းပါ ပြုန်းခဲ့ပြီလေ....။
ဘိုးဘွားပိုင်မြေတွေ ကုန်မှာစိုးလို့
သားဒုတိယနှစ်မတက်တော့ဘူး ဖေဖေ
ဒုတိယဘုရားသခင်တွေ ရှာရဦးမယ် ။
အတ္တအမှောင်တွေ နယ်ကုန်မိုက်...
အခုကြိုက်နေတဲ့ ရည်းစားအတွက်
သားလစာတွေ မဖြုန်းရက်တော့ပါဘူး ။
လူ့ဘောင်မှာ အကျုံးမဝင်လောက်အောင်
ဒီသားမောင် မိုက်လုံးကြီးခဲ့တာတွေက
ဖေဖေဟာ သောကမီးတွေသည်း...
မျက်ဝန်းမှာ မျက်ရည်တွေ တွဲလဲခိုနေပြီ ။
(၃)
အို...ဖေဖေရေ
မေမေ့ငိုသံဂီတတွေနဲ့
ဖေဖေ့ဘဝ မချိုမြခဲ့တာသိတယ်
တနေ့က ညီလေးဖုန်းဆက်တော့
`` ကိုကိုရေ ပိုက်ဆံစုထားနော်... ´´ တဲ့
ကျွန်တော့်ရင်ထဲ ဆို့ဆို့နင့်နင့်
မျက်ရည်ဥတွေ အခါခါပွင့်တယ်....
မိသားစု ဘဝလေးတောင်မှ
အခုတော့ ရေမမြင့်တဲ့ကြာလို
အဘယ်မှာ တင့်တယ်နိုင်ပါ့ ။
ညီလေးကျောင်းမုန့်ဖိုးမမှန်ဘူးကွယ်
သူလဲ မျက်နှာငယ်နေရှာမှာ - တဲ့
ကျွန်တော့်ရင်မှာ တဆစ်ဆစ်နာတယ်
ဖေဖေ့မျက်ရည် ဖြူဖြူတွေဟာ
သောကအပူနဲ့ အငွေ့ပျံနေလေရဲ့ ။
ဟုတ်ကဲ့...ဖေဖေ
နေရီရီမျက်ဝန်း ၊ သောကရွှန်းစို
အဲဒီနေညိုညို ဆည်းဆာတွေမှာ
သားပြန်အလာ မေမေမျှော်နေရှာရော့မယ်
ပြောလိုက်ပါဖေဖေ...တစ်နေ့မှာ
အတ္တတွေခွာရင်း ပြန်လာမယ် လို့ ။
အမှောင်တွေ တနင့်နင့်သွင်း
ဘယ်တော့မှ မိုးလင်းမလာတဲ့
ကံကြမ္မာဆိုးတွေကို ခွင်းပါ
အို....ဘုရားအရှင်
ကျွန်တော့် ဖေဖေအား
ပျော်ရွှင်မှု ပေးသနားပါ ။
(၄)
ဧကတွေလျော့နည်းလာတဲ့
ဖေဖေ့ရဲ့ တောင်ယာလေးမှာ
ဘယ်တော့မှ သယံဇာတမထွက်ပါစေနဲ့
ရွှေရောင်ကောက်နှံတွေ ပွင့်လှည့်ပါ ။
ဉာဥ့်နက်လာတတ်တဲ့...
ဖေဖေ့ရဲ့ ဇရာသက္ကရာဇ်တွေအား
တရားဓမ္မဖြင့် ငြိမ်းအေးခွင့်ပြုပါ...။
မှောင်မိုက်စွာ လောင်မြိုက်နေတဲ့
မိုးမသည်းတဲ့ ညနက်တွေမှာ
ဖယောင်းတိုင်အလင်းအောက်ကဖေဖေ
အခုထိ ဗျာပွေနေဆဲလား ။
မသုတ်လိုက်ပါနဲ့ဖေဖေ...
အခုကျတဲ့သားမျက်ရည်တွေဟာ
အပြစ်တွေ အရည်ဖျော်နေခြင်းပါ
မေမေ့မျက်ရည်ကိုသာ သုတ်ပေးပါ
အဲဒီမှာ အပြုံးပန်းဆင့်ကာ ပွင့်လိမ့်မယ် ။
အို...ဖေဖေရေ
ပညာတတ်ပြီး မိုက်ဇာတ်ခင်းတဲ့
ဟောသည် ဒေဝဒတ်လိုသားမျိုးကို
မေမေ့မျက်ရည်မိုးတို့...ကျိန်စာဆိုပါစေ ။
(၅)
ဖေဖေပြန်သွားတဲ့အခါ...
လက်ဆောင်မပေးနိုင်ခဲ့တာ
ခွင့်လွှတ်ပါနော် ဖေဖေ...
သားရဲ့လက်ဆယ်ဖြာ ၊ ကြာပဒုံဖြင့်
ဖေဖေ့ခြေအစုံကို ဦးခိုက်ခွင့်ပြုပါ....။
သားနိုင်ငံခြား မသွားချင်ဘူးဖေဖေ
ပြန်မလာရမှာလဲ ကြောက်တယ်
ဖေဖေ့တောင်ယာတဲလေးမှာပဲ
ပျော်ချင်ဆဲပါ ဖေဖေရယ်....။
ညီလေးလက်တွဲ ၊ ထမင်းချိုင့်ဆွဲလို့
တောင်ယာထဲဆင်းလာတဲ့ မေမေ့ကို
အခု... လွမ်းမိနေတယ်ဖေဖေ
မေမေ့ဆံမျှင်တွေ ဖြူစင်နေပြီလား...။
အလောင်းဘုရားသွေး စီးရာမြေမှာ
ဖေဖေ့ချွေးတွေ ထပ်ထပ်စီးဆင်း
သြော်...ကျေးဇူးကြီးမြတ်လှပါဘိခြင်း ။
အမှောင်ကို လင်း စေတတ်တဲ့
မီးဇာကုန်ခမ်းတော့မယ့် ဖေဖေ...။
(၆)
`` ဆောင်းမှာတော့ စောင်မလိုဘူး
သောကနဲ့တင် လုံလောက်တယ် ´´ တဲ့
မြူမှုန်တစ်မျှ အပြစ်ကင်းစင်သော
ညီလေးကိုတော့ နွေးထွေးစေပါ
မေတ္တာတွေ တိုက်ကျွေးရင်းပေါ့....။
အမျိုးတွေလဲ မှာလိုက်မယ်ဖေဖေ
သူတို့မျက်စိထဲက ဆံပင်ကိုနှုတ်ပါ
မနာလိုမှုက အသက်တိုတတ်တယ် လို့...
သားကတော့ မေတ္တာထားလျက်ပါပဲ ။
လှိုင်းလေကြမ်းကြမ်း ၊ အတောင်မပန်းသ၍
ဖေဖေ့ရဲ့ ဆုံးမဥဒါန်းစကားတွေကို
သားကျူးရင့် ရွတ်ဆိုနေမှာပါ ။
စိတ်ချပါ...ဖေဖေ
ဒီတောင်တွေမြင့်လေသမျှတော့
ခြေဖဝါးအောက်က မရုန်းကြွနိုင်ပါဘူး ။
အို...အိပ်တန်းငှက်ငယ်များ
ငါ့အား အိမ်ပြန်ချိန်တွေပေးသနားပါ
ဟို...မန္တလာမြေ အညာနွေရဲ့
ကိုယ်တိုင်ခြွေချနေ ရှာတဲ့
မေမေ့မျက်ရည် ရွက်ကြွေတွေအား
ကျွန့်လက်များနဲ့ သုတ်ပေးပါရစေလား
ဖေဖေရေ....
လောကဓံ အကျဉ်းစံကြီးရေ....
နောက်သံသရာအဆက်ဆက်မှာ
တရားရိပ်မှာ မွေ့နိုင်ပါစေသား....
အေးမြခြင်းအား တွေ့နိုင်ပါစေသား....။ ။
==============================
ယနေ့သားကြီးကိုလာတွေ့ရှာတဲ့ ဖေဖေ့ရဲ့သောကစကား
သံတွေမှ ကဗျာတစ်ကြောင်းတွင် မျက်ရည်ချောင်းစီး
ဆင်းခဲ့သူ......
မင်းခသူ (ကဗျာ Diary) 22 . 6 . 2014 / Sun