နွေအလွမ်းဘွဲ့ ပိုဒ်​စုံရတု



မြရည် မြရည် ၊ လှဟန်ညီသား ၊
ပင်ဆီဖျားမှ ၊ ရွက်နုလှပေ ၊
မြေခဆင်းသက် ၊ အိုသစ်ရွက်တို့ ၊
ညက်ညက် ညင်းညင်း ၊ လေပြည်တွင်း၌ ၊
လွင့်ရင်းပျံကြ ၊ သွယ်လျလျနှင့် ၊
ဟိုမှသည်သို့ ၊ မြရွက်တို့သည် ၊
မို့မို့ လွင်လွင် ၊ ညင်ညင်သာသာ ၊
ကြွေအလာခိုက် ၊ ပင့်သက်လှိုက်ဖြာ ၊
လိပ်ပြာတို့လား ၊ ပန်းတို့လား ဟု ၊

သက်ဆင်းခိုလို့ ခ, သတည်း ။ ။



လှသည် လှသည် ၊ လှိုင်းနဒီကြား ၊
စီရီ သမ္မာန် ၊ ကျေးငှက်ဟန်ဖြင့် ၊
ဖန်ဖန်လှော်ခတ် ၊ တံငါလက်သည် ၊
မရပ်မနား ၊ လှုပ်ရှားရုန်းကန် ၊
အားမာန်အပြည့် ၊ ဝမ်းစာဖြည့်ရန် ၊
မွေ့ပျော်မြစ်တွင်း ၊ လှေတစ်သင်းနှင့် ၊
သက်ဆင်းစုန်ဆန် ၊ ထက်မြစ်ယံသို့ ၊
လွင့်ပျံသီကြွေး ၊ တံငါတေးကား ၊
နတ်ရေးသည့်နှယ် ၊ ဆက်သည့်နှယ် ဟု ၊

ထက်မြင်းမိုရ်သို့ ကြွ, သတည်း ။ ။

ခသည် ခသည် ၊ ဖြေမဆည်အား ၊
ချောင်းဖျားမျက်ရည် ၊ ပူဗျာပွေ၍ ၊
ဤနွေဂိမှာန် ၊ လွမ်းသည်းထန်ကာ ၊
ဖန်ခါမြည်တမ်း ၊ စိတ်ရော်ရမ်းမိ ၊
မျှော်မှန်းသူ့ဆီ ၊ ဘယ်ဌာနီဝယ် ၊
ပူသည်ရင်တွင်း ၊ လွမ်းတစ်ခင်းမှ ၊
လွမ်းရင်းဖွေရှာ ၊ လွမ်းသူ့မှာလည်း ၊
ရွှင်သာနှလုံး ၊ ကြွေပျက်ပြုန်းတည့် ၊
ဆိတ်သုဉ်းမေတ္တာ ၊ သက်ရှောင်ခွာ ဟု ၊

မက်ရင်းငိုလို့ ကျ,သတည်း ။ ။

ပျရည် ပျရည် ၊ ညနေဆီမှ ၊
ညိုရီ မို့မို့ ၊ ညို့ညို့ ညိုလွင် ၊
စိုရည်မျက်ဝန်း ၊ ငွေချည်ရွှန်းသို့ ၊
ဝိုင်းဝန်းပတ်လည် ၊ သက်လယ်သက်ထား ၊
ဘယ်များဘယ်ဆီ ၊ သွေအားဖီသည် ၊
ညိုရီ မှိုင်းမှိုင်း ၊ ညနေတိုင်းလျင် ၊
ရစ်သိုင်းမြူခြည် ၊ တိမ်နီနီကြား ၊
ခွန်းသီကာယွန်း ၊ သူရိန်ဝန်းအား ၊
ချစ်လွန်းသူထံ ၊ မြွက်မှာပန်ဟု ၊

ခက်ခြင်းပိုလို့် သ, သတည်း ။ ။

                    { အစညီ အချညီပိုဒ်စုံရတု }
✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉

Written by✏ မင်းခသူ (ကဗျာ Diary)

25 . 5 . 2014 (Sunday)