ရင်ဝေးပုစ္ဆာ

သူမမျက်ခုံးတစ်ဝင့်မှာတင်
အဲဒီပန်းပွင့် ကြွေလွင့်ခဲ့တော့တယ် ။
ကိုယ့်ကိုယ်ကို မျှော်လင့်ချက်နဲ့စိုက်ပျိုး
မြတ်နိုးသူအတွက် သစ္စာပွင့်ခဲ့မယ်....

ရနိုင်မယ်ဆိုရင်ပေါ့
ကျွန်တော့် ပုခုံးထက်မှာ
တိုးသက်စွာ မှေးစက်ဖူးတဲ့
ချစ်သူလေး တစ်ယောက်
ပြန်လည်ကောက်ရချင်ပါသေးတယ် ။

သူ့ကို လွမ်းရတာက
ဓားသွားပေါ်မှာ လမ်းလျှောက်ရသလိုမျိုး
မျက်ဝန်းမှာ ဆယ့်နှစ်ရာသီမိုး.....ရွာတယ်
သူ့ဓာတ်ပုံဟောင်းကလေးကို
ကျောင်းသုံးစာအုပ်လို နေ့စဉ်ဖတ်
ညတိုင်းအိမ်မက် မက်ရတာလဲ
ဘာကြောင့်ပါလဲ....

ချာတိတ် လေးရဲ့ ရင်ခုန်သံမှာ
ငြိမ်းချမ်းစွာ စွန်းထင်းဖူးတဲ့
ကောင်မလေး ရေ ......
ညနေရဲ့ ဆည်းဆာလမ်းမှာ
လွမ်းရဆဲကွဲ့.... သိလား ။

" အပြာရောင်စာရွက်လေးရဲ့ ...
အိမ်မက်တွေကို ဖတ်လော့ "

မြတ်သော ချစ်ခြင်းရဲ့
လင်းပသောညခင်းတွေလဲ
ကွဲရှ , မှုန်ဝေ
ငါ့ကိုလေ ....
ကြွေရွက်ဝါတို့နဲ့ ... မထားခဲ့ပါနဲ့ ။

ခေတ်အဆက်ဆက်
ပစ်ထားရက်သူအတွက်ပါ
ကျွန်တော့်မှာ
ကဗျာတစ်ချို့ရယ် ....
စကားတစ်ချို့ရယ် ....
ရှိရဲ့. ...။

တံခါးတစ်ချပ်နောက်က
ဓားချက်တွေ စူးနစ်ဝင်စိုက်
ရူးမိုက်သူအတွက် အဖြေပါ တဲ့
မာယာကဝေလမ်းမှာ
နန်းစံသူ နတ်ဘုရားမရဲ့
အမုန်းတော်ခံ ရာဇ၀တ်သား
အခုလို ... ညွှတ်တွားလွမ်းဆွတ်ဆဲပဲ

သံသရာအနန္တတိုင်အောင်
ကြာ...ခဲ့ပါပြီကောလေ
ရွှေရောင်တွေ ချုပ်ငြိမ်းကွယ်ပျောက်
ပိတောက်ပင်အောက်က ချာတိတ်မှာတော့
အဆိပ်တို့နဲ့ အိပ်မောကျ နေ,နေတတ်ခဲ့ပါပြီ

လေညင်းကလေးလို
ကိုယ်တိုင် ဖန်ဆင်းပစ်
ချစ်သူ့ဆံ့နွယ်ခက်ပေါ်မှာ
ပွင့်လွှာလေးအဖြစ် စီရီ သီကုံး
ပန်းသရဖူ ခြယ်မှုန်းပေးချင်တာလဲ
ရင်ထဲက သစ္စာ
အို .....
ပန်သစ္စာပါကွယ် ...

ရိုးရာအတိုင်း
အလွမ်းတွေ မှိုင်းမှိုင်းအုံ့သည်း
ရင်လွဲ သံစဉ်တစ်ပုဒ်ရဲ့
မိုးချုပ်နေရီ အိမ်အပြန်လမ်း
အဘယ်သောသူက ....
ခရေတွေပက်ဖြန်းသွားပါသလဲ ။
ကျွန်တော့်မှာတော့ ...
ခပ်ကျဲကျဲ ကျကွဲသွားခဲ့ရပြီ

သက်လယ်ကျော့မှူးရဲ့
ဆံကေသာဦးက စံပယ်ဖူးလေး
ကျွန်တော့်အိမ်မက် ဆွေးဆွေးထဲမှာ
အေးစက်စွာ မွှေးပြသွားလေရဲ့
................... မွှေးမြသွားလေရဲ့ ။

သူမကို ချစ်တယ်လို့
အလင်္ကာတေးလို ရွတ်ဖတ်
ကျွန်တော့်မေတ္တာ အတိမ်အနက်မှာ
ချစ်သူ အိမ်မက်လှလှမက်ပါစေ
ညစဉ် .... ဆုခြွေနေခဲ့ဖူးတယ် ။

မနမ်းသာခဲ့ဘူး ခရမ်းပြာရယ်
သွေးနဲ့ရေးတဲ့အကြောင်းကိုတော့
ပြန်ပြောင်း ...ပြောပြရပါဦးမယ် ။

သူမအတွက် ဆွတ်ယူလာတဲ့
သမုဒယဝတ်ရည်လေးတွေပါ
ချစ်သူ့ရင်ခွင် ပင်လယ်ပြာမှာ
တွယ်တာခွင့်ရှိသေးရင်တော့
စီးဆင်းပျော်မွေ့ချင်ပါသေးတယ်
သူမ ..... မငြင်းသ၍ပေါ့ ။

ကျွန်တော့်အသိ
အဘိဓာန်ကျမ်းလာ
ရင်ဝေးပုစ္ဆာ ထဲက
ခက်ဆစ်များစွာလဲ
်လောင်မြိုက် နေဆဲ

ပန်းရယ် ...
တစ်ခုသောဆောင်း
အရောင်မပြောင်းခင်
ပြန်လာပါလှည့်

သတိရခြင်းနဲ့ ရေးတဲ့ကဗျာ
ကမ္ဘာအဆက်ဆက် ....
မွှေးသက် လွင့်ဝေ
ချစ်သူကြားစေသား
.........................................
..........................................
.......................................... ။

မင်းခသူ (ကဗျာ Diary)