အ ေ ဝ း လိ ပ် ပြာ

သောကဟာ ...
ညလုံးပေါက်ကဖေးတစ်ခုနဲ့
မလုံလောက်ခဲ့ဘူး ။ 
ဘုရားသခင်ထံ ဝန်ခံလိုက်ပါတယ်
ရာသီအလိုက်
စိန်ပန်းတွေ ခိုက်ခိုက်တုန်လို့
ကြွေခဲ့ကြပြီ ... ဆိုတာ
ကောင်မလေး သိမသွားရှာဘူး
............................... မာသာ ။


နောက်တစ်ခါ တစ်ကျော့ပြန်ပွင့်မယ့်
ကံ့ကော်တွေက ၊ ကောင်မလေးကိုမေးရင်
ကျွန်တော် ဘယ်လိုဖြေရမလဲ
................ ဘယ်လိုဖြေရမလဲ ဟင် ။

လရောင်တစ်ခုအောက်မှာ
မျက်လုံးတွေ အရည်ပျော်ကျကုန်ပြီ
ငိုနေတဲ့ ဝါဆိုတစ်ခုထဲက အတိတ်ဟာ
စိမ်းညိုနေတဲ့ ဝိုင်တစ်ခွက်နဲ့လည်း
မလုံလောက်ခဲ့ပြန်ဘူး
သူ .... ပြန်လာမှာလား
သူ .... ပြန်လာမှာလား
သူတို့ သီချင်းတွေဆိုနေကြတယ်
ဝါဆိုဟာ ဓမ္မတေးကိုဆိုနေကြတယ်
သို့်မဟုတ် ...
သူတို့တွေ ... ငိုနေကြတယ်ပေါ့ ။

သက်တံ့လှေကားတွေအတိုင်း
တက်သွားတဲ့ အချစ်သမိုင်းလေးတစ်ခု
ကျွန်တော် ...
လက်ဖြန့်တောင်းဆိုနေတုန်းပေါ့ ။

ဂျွန် ၁၉ ဟာ 
အိမ်မက်ဆိုးတစ်ခုလို
ဝိုင်ချိုလေးတစ်ခွက်ကို
သောက်သွားရဲ့ ။
ဂျွန် ၁၉ ဟာ
ရင်ဘတ်တစ်ခုလုံး ဆွဲဖြဲပြီး
ကျွန်တော့်အပြာလေးကို လုသွားရဲ့ ။
........ မာသာ
သူပြန်မလာတော့တဲ့ ကဗျာတစ်ပုဒ်ထဲ
ကျွန်တော့်ကိုယ် ကျွန်တော် ဆုတ်ဖြဲလိုက်ချင်တယ် ။

ညတစ်ခုရဲ့ ကယ်ပါရွာထဲ
ကျွန်တော် အလဲအကွဲ လွမ်းနေပြီ
ကျွန်တော် အသည်းကွဲလို့ ကျွမ်းနေပြီ
ကြယ်ကလေးတွေ မိုးထားတဲ့အာကာ
လမင်းသာပိုင် သတဲ့ ...
မိုးအေးအေးထဲ ၊ စိမ်းလန်းဆဲသော
ဘွန်ဆိုင်းတစ်ပင်
ကောင်းကင်အောက်က လက်ဝါးကပ်တိုင်
ဘယ်သူ ပိုင်လဲ .....?
ဘယ်သူ ဆိုင်လဲ ....?
...................... မာသာ
အထီးကျန်ခြင်းဟာ ...
ကဗျာတစ်ပုဒ်နဲ့ မလုံလောက်ခဲ့ဘူဗျာ ။
ပြာလဲ့နေတဲ့ ကောင်းကင်ဘုံမှာ
ကျွန်တော်ချစ်သော အပြာလေး
ငြိမ်း အေး ပါ စေ သား
ငြိမ်း အေး ပါ စေ သား
ဘုရားသခင် ကောင်းချီးပေးပါ ...
.................. အာမင် ................. ။

မင်းခသူ