အဝေးကြီးရောက်တဲ့အထိနာကျင်ကြပြီးတာနဲ့ ငါတို့ရဲ့
ဆံခြည်မျှင်၊ ခြေဖဝါးတွေ ဟီလီယမ်ထက်ပေါ့ပါး
ဆင်ခြင်တုံတရားဆီမှာ တုံ့ခနဲရပ်သွားကြ
----------------------------------------------------------
ငါ့အော်သံဟာ ဗန်ဂိုးဖြတ်ပစ်လိုက်တဲ့နားရွက်ထဲမှာ
ပိတ်မိလျက်သား
မခံနိုင်တော့တဲ့အဆုံးမှာ
ငါ့ဝေဒနာတရားကို သေနတ်နဲ့ထုတ်ချိန်တယ်
ဖောက်ဝင်မသွားသေးတဲ့ကျည်ထောင့်ရဲ့
နောက်ဆုံးပြောင်ချော်ချော်အပြုံးထက်
ငါ့ အရယ်အမောဟာ တဝင်းဝင်း တလက်လက်
ကြိုက်တဲ့ဆာလောင်မှုနဲ့ တိုင်းတာ
အတိုင်းအတာဟာ အူတွေခွေခေါက်ခြောက်ကပ်တဲ့အထိ
စိတ်ကြိုက်အနာတရဆီမှာ
နာကျင်မှုကို မနာချင်ယောင်ဆောင်ရတာ
ငါ့အနုပညာပဲဖြစ်တယ်
ငိုသံတစ်ဝက်စွက်နေတဲ့ရယ်သံတွေ
ရယ်သံတွေဟာ ဓားအိမ်ထဲက ဓားကို ဆွဲထုတ်သံလိုမျိုး
ကိုယ်တိုင်ချိန်ထားတဲ့သေနတ် မောင်းတင်သံလိုမျိုး
အတိုးဖွဆုံး ကျယ်လောင်
စက်မက်ပြုသူ ဗုံးဒဏ်ခံ ပြည်သူ
ရေကြီးရေလျှံ သဘာဝဘေးရဲ့ သဘာဝကျမှု
လူ့နှလုံးရဲ့ သိပ္ပံဆန်းကြယ် သတ္တုဆန်မှု
ဖန်ပေါင်းချောင်ထဲက ကံတရားလို
ဘာအရောင်ပဲထွက်လာ ထွက်လာ/ဖြစ်လာ ဖြစ်လာ
ငံကျိနေတဲ့ သာယာဖွယ် လူနေမှုမြင့်မားခြင်းရဲ့
မျက်ကွယ်ပြုရာ အရပ်မှာ
ငါနေတယ်
ဆင်ခြင်တုံတရားတွေ စီးကရက်ထဲထည့်လိပ်ပြီး
သောကတငွေ့ငွေ့ထွက်အောင် မီးညှိသောက်ရင်း
အဆင့်အတန်းသတ်မှတ်ချက်တွေ၊ ဓာတ်ပုံဖရိန်တွေ
ဗလာသာသာ စာအုပ်အထူကြီးတွေထဲကနေ
ဆပ်ကပ်တစ်ခုထဲက ယဉ်ပါးချင်ယောင်ဆောင်နေရတဲ့
အရိုင်းသတ္တဝါတစ်ကောင်ပြေးထွက်လာသလိုမျိုး
ငါနဲ့အပိုးမကျိုးတဲ့လောကမှာ ငါနေတယ်
ဝိုင်ယာကြိုးတွေအပြုံလိုက်ဝင်ခွေနေတဲ့ ဦးနှောက်မှာ
လှိုင်းရိုက်သံတွေ တဖြန်းဖြန်းလဲကွဲ
လျှပ်စစ်ဓာတ်အားနည်းလာ အားနည်းလာ
ရင်းနှီးတယ်ထင်ထားတဲ့သီချင်းကို နားစိုက်ထောင်ကြည့်တော့မှ
ငါ ဂျင်းဘောင်းဘီ မကြိုက်တာသိ
ငါ စီးကရက်ကြိုက်တာ သိ
ငါ ပုံပြင်မကြိုက်တာ သိ
ငါ သစ်ပင်ကြိုက်တာ သိ
လက်သည်းမှာ ကပ်နေတဲ့ မျက်ရည်ချိုး(ဂျိုး)တွေ တောက်ထုတ်
နေသာသာ စိတ်သက်တောင့်သက်သာ နေသာထိုင်သာ
ကန္တာရအလယ်ကောင်မှာ သောင်ထွန်းနေသလိုမျိုး
နေသာထိုင်သာ
စနေထောင့်ကတက်လာတဲ့ လောကဓံအငြိုးအမှောင်
ငါ ဆိုဖူးတဲ့သီချင်းတွေ
ငါ ရွတ်ဖူးတဲ့ကဗျာတွေ
ငါ အော်ဖူးတဲ့ ဟဲဗီးမက်တယ်လ်တွေ
ငါ ပြုပြုသမျှ ဝဋ်နာကံနာတွေအတွက် ခေါင်းငုံ့သူ
စစ်မရောက်ခင် မြားကုန်နေတာမဟုတ်ဘူး
ငါနဲ့ အမှန်တရားစီးချင်းထိုးတဲ့ပွဲမှာ
မြားရော ဓားရော ၊ ငါယူလာမှာမဟုတ်ဘူး
ငါ “အား” ကနဲအော်ပြီးလဲကျသွားရင်တော့
လက်ခုတ်တီးကြပေါ့ ၊ တရားကနိုင်သွားချိန်
တ ရား က နိုင် သွား ချိန် ... ။

K သူ - ဇူးမြတ်ထွန်း ( Zuu Myat Htun )
မောင်နှမနှစ်ယောက် ပေါင်းရေးထားတဲ့ကဗျာ ...